Xiaomi ရဲ့ Mi စီးရီး စမတ်ဖုန်းတွေဟာ တန်ဖိုးသင့်တင့်ပြီး စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် လူကြိုက်များတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ ယနေ့မှာတော့ Xiaomi Mi စီးရီး မျိုးဆက်သစ် Mi 9 စမတ်ဖုန်းကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။
Xiaomi Mi 9 စမတ်ဖုန်းရဲ့ အဓိကထူးခြားချက်တွေကတော့ 48MP ကင်မရာဆန်ဆာ ပါဝင်တဲ့ ကျောကင်မရာ သုံးလုံးနဲ့ 20W အား ကြိုးမဲ့ အားသွင်းစနစ်တို့ ဖြစ်ပါတယ်။
ကျောကင်မရာ သုံးလုံးမှာ အဓိက ကင်မရာ Lens က Sony ရဲ့ IMX586 48MP ဆန်ဆာ ဖြစ်ပါတယ်။ နောက်တလုံး ကတော့ ၁၁၇ ဒီဂရီ မြင်ကွင်းကျယ်ပုံတွေ ရိုက်ကူးနိုင်မယ့် 16MP ဆန်ဆာ ဖြစ်ကာ၊ တတိယမြောက်အလုံးကတော့ 2x zoom ဆွဲ ရိုက်ကူးနိုင်မယ့် 12-megapixel Telephoto Lens ပါ။ 16MP Lens နဲ့ ၁၀ စင်တီမီတာအကွာအဝေးကနေ လည်း macro ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ f/2.0 အပါချာ ရှိတဲ့ 20MP Lens ကိုတော့ ဖုန်းမျက်နှာပြင် အရှေ့ဘက်က ရေစက်ပုံစံ Notch ထဲမှာ ထည့်သွင်းထားပါတယ်။
Xiaomi Mi 9 ဖုန်းရဲ့ ရှေ့ဘက်မျက်နှာပြင်ကိုတော့ ၆.၃၉ လက်မ အရွယ်အစား ရှိတဲ့ Samsung AMOLED Display ကို အသုံးပြုထားပါတယ်။ FHD+ ရုပ်ထွက်အရည်အသွေးရှိပြီး၊ သေးငယ်တဲ့ ဘောင်တွေကြောင့် Screen နဲ့ ကိုယ်ထည် အရွယ်အစား ၉၀.၇ ရာခိုင်နှုန်းအထိ ရှိမှာပါ။ AI နည်းပညာသုံး မျက်နှာဖတ်စနစ် ပါဝင်တဲ့ အပြင် မျက်နှာပြင်အောက် မှာလည်း လက်ဗွေရာဖတ်စနစ် ပါဝင်မှာပါ။
မျက်နှာပြင် Display ကို အကြမ်းခံတဲ့ နောက်ဆုံးပေါ် Gorilla Glass 6 မှန်သားကို အသုံးပြုပေးထားပြီး၊ ကျောဘက် မှန်သားကိုယ်ထည်ကိုလည်း Gorilla Glass 5 သုံးပေးထားပါတယ်။ ဒါ့အပြင် ကင်မရာ Lens တွေကို အလူမီနီယမ်အောက်ဆိုဒ်အမှုန့်ကို ပြင်းထန်တဲ့ အပူနဲ့ ဖိအား အသုံးပြု ထုတ်လုပ်ထားတဲ့ နီလာမှန် (Sapphire Glass) နဲ့ အုပ်ပေးထားပါသေးတယ်။
Mi 9 မှာ လက်ရှိစွမ်းဆောင်ရည်အမြင့်ဆုံး Mobile Chipset တခုဖြစ်တဲ့ Snapdragon 855 ကို အသုံးပြုထားပါတယ်။ 6GB RAM ဒါမှမဟုတ် 8GB RAM နဲ့ 128GB Storage မော်ဒယ် အမျိုးမျိုး ထွက်ရှိမှာပါ။ Mi 9 အကြည်ဗားရှင်း Transparent Edition မှာတော့ 12GB RAM နဲ့ 256GB Storage အထိ ပါဝင်မှာ ဖြစ်ပါတယ်။
ဒီဖုန်းရဲ့ နောက်ထပ် စိတ်ဝင်စားစရာအချက်တခုကတော့ “Charge Turbo” အမည်ရ 20W အား ကြိုးမဲ့ အားသွင်းစနစ် ပါဝင်လာတာပါ။ လက်ရှိဖုန်းတွေထဲမှာ အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ် ဖြစ်တယ်လို့ Xiaomi က ဆိုထားပါတယ်။ USB-C အပေါက်ကနေ တနာရီအတွင်း အားအပြည့်သွင်းပေးနိုင်တဲ့ 27W အားသွင်းခေါင်းလည်း ဖုန်းဝယ်ရင် တပါတည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
ကားအတွင်း အားသွင်းဖို့အတွက် 20W အား Charge Turbo ကားချာဂျာကိုလည်း Mi 9 နဲ့ အတူ ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဖုန်းကို လက်တံနဲ့ အလိုအလျောက် ဆွဲညှပ်ထားပေးနိုင်တဲ့ ကားချာဂျာ တခု ဖြစ်ပါတယ်။
Xiaomi ဟာ Mi 9 မှာ အသွင်အပြင်ပိုင်းကို ပြောင်းလဲထားတာ တွေ့ရပါတယ်။ ကြည့်တဲ့အနေအထားအပေါ် မူတည်ပြီး အရောင်ပြောင်းလဲသွားမယ့် ပြောင်လက်တောက်ပတဲ့ မှန်သားကိုယ်ထည်ကို ကျောဘက်မှာ သုံးပေးထားပါတယ်။
ဒီ အရောင်ပြောင်းမှုကို “Lavender Violet” လို့ အမည်ပေးထားတဲ့ ခရမ်းရောင်မော်ဒယ်မှာ ပိုသိသိသာသာ မြင်တွေ့ရမှာပါ။ အပြာနဲ့ အနက်ရောင်တွေလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ တရုတ်ဈေးကွက်အတွက်ကတော့ ဖုန်းထဲကို ဖောက်ထွင်းမြင်နေရတဲ့အလား ခံစားရမယ့် Transparent Edition Mi 9 ကို ထုတ်ပေးမယ်လို့ သိရပါတယ်။
Xiaomi Mi 9 ရဲ့ ဈေးနှုန်းတွေကတော့ 6GB/128GB မော်ဒယ်ကို အနိမ့်ဆုံး ဒေါ်လာ ၄၅၀ ကျသင့်မှာ ဖြစ်ပါတယ်။ 12GB RAM နဲ့ 256GB Storage ပါဝင်တဲ့ Transparent Edition လိုချင်ရင်တော့ ဒေါ်လာ ၆၀၀ လောက် ပေးရပါလိ့မယ်။
Screen အရွယ်အစားကို ၅.၉၇ လက်မအထိ လျှော့ချကာ၊ Snapdragon 712 Chipset ပြောင်းသုံးထားတဲ့ Mi 9 SE ကိုလည်း Xiaomi က ထုတ်ပေးသွားဦးမှာပါ။ Mi 9 SE ရဲ့ ဈေးနှုန်းကတော့ 6GB/64GB မော်ဒယ်ကို ဒေါ်လာ ၃၀၀ ဖြစ်ပါတယ်။
Ref: The Verge, XDA Developers