Samsung ရဲ့ မျိုးဆက်သစ် Galaxy S10 စီးရီး စမတ်ဖုန်းတွေ တရားဝင် ထွက်ရှိလာပါပြီ။ ယနေ့ မနက် မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ တရားဝင် မိတ်ဆက်သွားခဲ့တာ ဖြစ်ပြီး၊ “Galaxy S10” ၊ “Galaxy S10+” နဲ့ “Galaxy S10e” ဆိုပြီး အဓိက မော်ဒယ် ၃ မျိုး မိတ်ဆက်သွားတာ ဖြစ်ပါတယ်။
Galaxy ဖုန်းစီးရီး ၁၀ နှစ်ပြည့် ဖြစ်တာနဲ့အညီ Galaxy S10 ဖုန်းတွေမှာ ဆန်းသစ်တဲ့ နည်းပညာသစ်တွေ အမြောက်အများ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။
Infinity-O Display ဒီဇိုင်းအသစ်၊ ကမ္ဘာ့ပထမဆုံး နှုန်းလွန်အသံလှိုင်းသုံး မျက်နှာပြင်အောက် လက်ဗွေရာဖတ်စနစ် (Ultrasonic Under Display Fingerprint Reader)၊ HDR10+ စံနှုန်း ဖော်ပြနိုင်တဲ့ ပထမဆုံး ဖုန်း Display ၊ နည်းပညာသစ် Dynamic AMOLED Displays နဲ့ ကြိုးမဲ့ Device အချင်းချင်း အပြန်အလှန် အားသွင်းပေးနိုင်တဲ့ Wireless PowerShare တို့က Galaxy S10 စီးရီးရဲ့ အဓိက ထူးခြားချက်တွေပါ။
ဒါ့အပြင် ပိုမိုမြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းစနစ်၊ One UI အသစ် စတဲ့ အသစ်၊ အသစ်သော နည်းပညာတွေကိုလည်း Galaxy S10 စီးရီးမှာ အသုံးပြုနိုင်မှာပါ။
Galaxy S10+
Galaxy S10 စီးရီးမှာ အကြီးဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးက Galaxy S10+ ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ ကင်မရာနေရာအတွက် လေဆာနဲ့ အဝိုင်းပေါက် ဖောက်ထားတဲ့ Infinity-O Display က တကယ့် စခရင်အပြည့် ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ မျက်နှာပြင်အရွယ်အစားက ၆.၄ လက်မအထိ ရှိပြီး၊။ QHD+ ရုပ်ထွက်အရည်အသွေးရှိပါတယ်။
ဘေးစွန်းမှာ အနည်းငယ်ကွေးနေတဲ့ Curved Dynamic AMOLED Display ပါ။ Dynamic AMOLED ဆိုတာကတော့ Samsung ရဲ့ နာမည်ကျော် Super AMOLED Display ရဲ့ မျိုးဆက်သစ်နည်းပညာ ဖြစ်ပါတယ်။
အမြင့်ဆုံး အလင်းအား 1,200 nits အထိ ပေးစွမ်းနိုင်ပြီး၊ HDR10+ ကာလာအရည်အသွေးစံနှုန်းကို ဖော်ပြနိုင်တဲ့ ကမ္ဘာ့ပထမဆုံး မိုဘိုင်း Display လည်း ဖြစ်ပါတယ်။ ကာလာဖော်ပြမှု တိကျအကောင်းမွန်ဆုံး ဖြစ်သလို မျက်စိညောင်းညာ ကိုက်ခဲစေတဲ့ Blue Light ထုတ်လွှတ်မှုလည်း သိသိသာသာ နည်းသွားပါတယ်။
Galaxy S10 စီးရီးဖုန်း အကုန်လုံးမှာ လက်ရှိအမြန်ဆုံး Mobile Chipset ဖြစ်တဲ့ Snapdragon 855 ဒါမှမဟုတ် Samsung ရဲ့ ကိုယ်ပိုင် Exynos 9820 Chipset တို့ကို သုံးပေးထားပါတယ်။ Galaxy S10+ မှာ အနိမ့်ဆုံး 8GB RAM နဲ့ 128GB Storage တို့ ပါရှိပြီး၊ microSD ကတ်ကနေလည်း 512GB အထိ ထပ်စိုက်နိုင်ပါတယ်။
ပရီမီယမ်မော်ဒယ် Galaxy S10+ မှာတော့ 12GB RAM နဲ့ 1TB Storage တို့ ပါဝင်မှာပါ။ microSD ကတ်နဲ့ 512GB ထပ်စိုက်ရင် 1.5TB Storage အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Galaxy S10+ မှာ Dual OIS စနစ်ပါတဲ့ ကျောကင်မရာ သုံးလုံးကို အသုံးပြုထားပါတယ်။ အဓိကကင်မရာက Dual Pixel autofocus နည်းပညာနဲ့ OIS တို့ ပါဝင်တဲ့ 12MP sensor ပါ။ ဒီကင်မရာရဲ့ အပါချာကို f/1.5 နဲ့ f/2.4 ပြောင်းလဲရိုက်ကူးနိုင်ပါတယ်။ ကျန်တဲ့ ကင်မရာနှစ်လုံးကတော့ ၁၂၃ ဒီဂရီအထိ မြင်ကွင်းကျယ် ရိုက်နိုင်တဲ့ 16MP Telephoto camera နဲ့ 12MP Telephoto Camera တို့ ဖြစ်ပါတယ်။ ဗီဒီယိုတွေကိုလည်း HDR10+ နဲ့ ရိုက်ကူးနိုင်မှာပါ။
Galaxy S10+ ရဲ့စခရင်အောက်မှာတော့ နှုန်းလွန်အသံလှိုင်းသုံး မျက်နှာပြင်အောက် လက်ဗွေရာစနစ်ကို တွေ့ရမှာပါ။ ဒါ့အပြင် Display အပေါ်ဘက်က သေးငယ်တဲ့ အဝိုင်းပုံစံ အပေါက်ထဲမှာလည်း 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ 10MP ရှေ့ကင်မရာနဲ့ 8MP depth sensor နှစ်လုံးကို ထည့်သွင်းပေးထားပါတယ်။ Galaxy S10+ မှာ 4,100mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပြီး၊ Adaptive Fast Charge နဲ့ Fast Wireless Charging 2.0 တို့ အသုံးပြု နိုင်ပါတယ်။
Samsung Galaxy S10
Galaxy S10+ (ညာ) နှင့် Galaxy S10 (ဝဲ)
Galaxy S10 က Galaxy S10 Plus နဲ့ စခရင်အရွယ်အစားနဲ့ ရှေ့ကင်မရာကလွဲလို့ ကျန်တာ အကုန်နီးပါး တူညီပါတယ်။ ၆.၁ လက်မ Dynamic AMOLED Display ကို အသုံးပြုထားပြီး၊ Ultrasonic Fingerprint Reader ပါဝင်ပါတယ်။ Selfie ကင်မရာကတော့ 10MP တလုံးတည်း ဖြစ်သွားပေမယ့် 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါသေးတယ်။ ကျောကင်မရာကတော့ S10+ နဲ့ အတူတူပါပဲ။
Galaxy S10 ကို 8GB RAM နဲ့ 128GB ဒါမှမဟုတ် 512GB Storage ဆိုပြီး ၂ မျိုး ထုတ်သွားမှာပါ။ ဘက်ထရီက 3,400mAh ဘက်ထရီ ဖြစ်ကာ Galaxy S10+ နဲ့ အားသွင်းစနစ်တွေ အတူတူပဲ ဖြစ်ပါတယ်။
Samsung Galaxy S10e
Galaxy S10e ကတော့ Galaxy S7 ပြီးနောက် ပထမဆုံး မျက်နှာပြင်အကွေးမသုံးထားတဲ့ ပထမဆုံး Samsung Flagship ဖုန်း ဖြစ်ပါတယ်။ ၅.၈ လက်မ Dynamic AMOLED Display ကို FHD+ ရုပ်ထွက်အရည်အသွေးနဲ့ ပါ။ Fingerprint Reader ကိုတော့ ဘေးဘက် ပါဝါခလုတ်မှာ ပူးတွဲ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် ကျောကင်မရာကလည်း ၂ လုံးတည်း ဖြစ်သွားပါတယ်။ Telephoto lens မပါဝင်တော့ဘဲ 12MP အဓိက ကင်မရာနဲ့ 16MP ultra-wide angel ကင်မရာ ၂ လုံး ပါဝင်မှာပါ။ ရှေ့ကင်မရာကတော့ Galaxy S10 အတိုင်း ဖြစ်ပါတယ်။
Galaxy S10e ကိုတော့ 6GB RAM နဲ့ 128GB Storage၊ 8GB RAM နဲ့ 256GB Storage ဆိုပြီး ထုတ်သွားမှာပါ။ 3,100mAh ဘက်ထရီ ဖြစ်ပြီး အားသွင်းစနစ်တွေကတော့ အတူတူပါပဲ။
Samsung Galaxy S10 စီးရီး ဖုန်းအားလုံးမှာ Wi-Fi စံနှုန်းအသစ် Wi-Fi 6 အသုံးပြုနိုင်မှာ ဖြစ်ကာ၊ ထုံးစံအတိုင်း AKG အသံချိန်ညှိထားတဲ့ စတီရီယို စပီကာတွေနဲ့ Dolby Atmos စနစ်တို့ ပါရှိမှာ ဖြစ်ပါတယ်။ NFC, 3.5mm နားကြပ်ပေါက်တွေလည်း မပါမဖြစ် ပါဝင်ပါတယ်။ ဖုန်းအားလုံးက IP68 ရေစိုခံနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။
Galaxy S10 စီးရီး ဈေးနှုန်း
Samsung Galaxy S10 ကို အနိမ့်ဆုံး ၈၉၉.၉၉ ဒေါ်လာကနေ စတင်ရောင်းချမှာပါ။ အနက်၊ အပြာ၊ အစိမ်းနဲ့ အဖြူရောင် ကာလာတွေ ရရှိပါမယ်။
Galaxy S10+ ကိုတော့ ၉၉၉.၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာ ဖြစ်ကာ၊ အထက်ပါအရောင်တွေ အပြင် Ceramic Black နဲ့ Ceramic White တို့ ရပါမယ်။
Galaxy S10e ကတော့ ၇၄၉.၉၉ ဒေါ်လာ အနိမ့်ဆုံး ရှိပြီး၊ အနက်၊ အပြာ၊ အစိမ်း၊ အဖြူနဲ့ အဝါ ရောင်တို့ ထုတ်သွားမှာ ဖြစ်ပါတယ်။
Samsung Galaxy S10 စီးရီးဖုန်း အကုန်လုံးကို U.S မှာ မတ်လ ၈ ရက်နေ့က စတင်ရောင်းချသွားမှာပါ။ ယနေ့က စတင်ပြီး Pre-order မှာထားနိုင်ပါပြီ။ Galaxy Unpacked ပွဲမှာ Galaxy S10 ဖုန်း ၃ လုံးအပြင် ခေါက်ချိုး အသုံးပြုနိုင်တဲ့ Galaxy Fold နဲ့ 5G သုံးနိုင်မယ့် Galaxy S10 5G တို့ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။
Ref: GSM Arena, Gadgets NDTV