Samsung က ခေါက်ချိုးအသုံးပြုနိုင်တဲ့ Galaxy Fold စမတ်ဖုန်းကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ ယနေ့ ကျင်းပခဲ့တဲ့ Galaxy Unpacked ပွဲမှာ Galaxy S10 စီးရီး စမတ်ဖုန်းတွေနဲ့ အတူ မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။
Samsung ဟာ Galaxy Fold စမတ်ဖုန်းကို ဧပြီလ ၂၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုအတွင်း AT&T နဲ့ T-Mobile တို့ကနေ တဆင့် ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။ ဒေါ်လာ ၁,၉၈၀ ပေးရမှာ ဖြစ်ပြီး၊Samsung ရဲ့ ကြိုးမဲ့ နားကြပ်အသစ်လည်း တပါတည်း ပါဝင်မှာပါ။
Galaxy Fold ကို LTE နဲ့ 5G မော်ဒယ်နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး ဥရောပမှာတော့ မေလ ၃ ရက်နေ့ကျရင် ယူရို ၂,၀၀၀ ဈေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ အနက်ရောင်၊ ငွေရောင်၊ အစိမ်းရောင်နဲ့ အပြာရောင် ၄ မျိုး ထုတ်လုပ်သွားမှာပါ။
Galaxy Fold စမတ်ဖုန်းမှာ တက်ဘလက် စခရင် အရွယ်အစားရှိတဲ့ ၇.၃ လက်မအရွယ် Infinity Flex Display အသစ်ကို အသုံးပြုထားပါတယ်။ ဖုန်းကို အလယ်ကနေ ခေါက်ချိုးချလိုက်ရင် အိတ်ကပ်ထဲ ထည့်သွားနိုင်တဲ့ အရွယ်အစားသေး ဖုန်းတခု ဖြစ်သွားမှာပါ။
တက်ဘလက်အဖြစ် အသုံးပြုရင် မြင်တွေ့ရမယ့် အဓိက Display ရဲ့ ရုပ်ထွက်အရည်အသွေးက QXGA+ အရည်အသွေးရှိပါတယ်။ အကြိမ်ပေါင်း ၂ သိန်းလောက်အထိ ခေါက်ချိုးမှု ခံနိုင်ရည်ရှိအောင် စမ်းသပ်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
တနေ့ကို အကြိမ် ၁၀၀ လောက် ခေါက်လိုက် ဖြန့်လိုက် သုံးမယ်ဆိုရင်တောင် ၅ နှစ်လောက် ကောင်းကောင်းအသုံးခံမယ့် အနေအထားပါ။ ဖုန်းအနေနဲ့ ခေါက်ချိုးထားရင် မြင်တွေ့ရမယ့် Display ကတော့ ၄.၆ လက်မ HD+ Display ပါ။ Display နှစ်ခုလုံးက AMOLED Display အမျိုးအစားတွေပါ။
Samsung ဟာ မြန်နှုန်းပိုမို မြန်ဆန်ပြီး 512GB ပမာဏရှိတဲ့ UFS 3.0 Storage ကိုလည်း Galaxy Fold မှာ အသုံးပြုပေး ထားပါတယ်။ ပရိုဆက်ဆာကတော့ Qualcomm ရဲ့ 7nm octa-core ပရိုဆက်ဆာ ဖြစ်ပါတယ်။ RAM အနေနဲ့ 12GB အထိ ပါဝင်မှာပါ။
ခေါက်ချိုးဖုန်းအဖြစ် ထုတ်လုပ်နိုင်ဖို့အတွက် Galaxy Fold စမတ်ဖုန်းမှာ ဘက်ထရီနှစ်ခုကို အသုံးပြုထားပါတယ်။ ဘက်ထရီနှစ်ခု ဆိုပေမယ့် Android စနစ်မှာ တလုံးတည်းအနေနဲ့ ပေါင်းစည်း အသုံးပြုနိုင်မှာ ဖြစ်ကာ၊ စုစုပေါင်း 4,380mAh ဘက်ထရီ ပမာဏ ရှိပါတယ်။
Galaxy S10 စီးရီး ဖုန်းတွေ နည်းတူ ကြိုးမဲ့အားသွင်းစနစ်နဲ့ တခြား Device တခုကို ကြိုးမဲ့အားပြန်သွင်းပေးနိုင်တဲ့ Wireless PowerShare တို့လည်း Galaxy Fold မှာ ပါဝင်မှာပါ။ ဖုန်းကို ခေါက်ချိုးနိုင်ဖို့အတွက် ဂီယာတွေနဲ့ ချိတ်ဆက်ထားတဲ့ ပတ္တာစနစ် (Hinge system) ကို အသုံးပြုထားပါတယ်။ ပတ္တာစနစ်ကို ဖုန်းကျောဘက်မှာ ဖွက်ထည့်ထားတဲ့အတွက် ဒီတိုင်းကြည့်ရင် မြင်ရမှာ မဟုတ်ပါဘူး။
ဖုန်းရဲ့ ကျောဘက်မှာ ကင်မရာ ၃ လုံ းပါရှိပြီး၊ တက်ဘလက်အဖြစ်နဲ့ကော ဖုန်းအဖြစ်နဲ့ပါ ကင်မရာကို အသုံးပြုနိုင်မှာပါ။ ၁၂၃ ဒီဂရီ မြင်ကွင်းကျယ် ရိုက်နိုင်မယ့် 16MP f/2.2 Ultra-wide ကင်မရာ၊ OIS ပါတဲ့ 12MP f/2.4 Telephoto ကင်မရာ နဲ့ တတိယအလုံးက အပါချာကို f/1.5 နဲ့ f/2.4 ပြောင်းရိုက်နိုင်မယ့် variable aperture နည်းပညာသုံး OIS ပါ 12MP dual-pixel ကင်မရာတို့ ဖြစ်ပါတယ်။
တက်ဘလက်အဖြစ် သုံးတဲ့အခါ Selfie ရိုက်ဖို့အတွက် 10MP dual-pixel f/2.2 wide ကင်မရာနဲ့ 8MP f/1.9 RGB Depth ကင်မရာ နှစ်လုံး ထည့်ပေးထားပါတယ်။ ခေါက်ချိုးထားတဲ့အခါ Selfie ရိုက်ဖို့အတွက်လည်း 10MP dual-pixel f/2.2 ကင်မရာတလုံးကို ထည့်ပေးထားပါသေးတယ်။ စုစုပေါင်း ကင်မရာ ၆ လုံးတိတိ ပါဝင်မှာပါ။
Galaxy Fold စမတ်ဖုန်းကို ဖြန့်ထားတဲ့အခါ Apps သုံးခုကို တပြိုင်တည်း အသုံးပြုနိုင်ပါတယ်။ ခေါက်ထားတုန်း ဖွင့်ထားတဲ့ App ကို တက်ဘလက်အဖြစ် ဖြန့်လိုက်တဲ့အခါမှာလည်း အထစ်အငေါ့ မရှိ ဆက်လက် အသုံးပြုနိုင်မှာပါ။
WhatsApp, Microsoft Office, YouTube, Google Maps စတဲ့ နာမည်ကြီး Apps တော်တော်များများကို ယခု ခေါက်ချိုးဖုန်းမှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ Google နဲ့ ပူးပေါင်းပြီး Android 9 Pie မှာ ယခု Display ကို အပြည့်အဝ Support ပေးအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
ခေါက်ချိုးအသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ Samsung ကုမ္ပဏီတခုတည်း မဟုတ်ပါဘူ။ Xiaomi, Lenovo, Huawei စတဲ့ တခြားဖုန်းကုမ္ပဏီတွေလည်း ထုတ်လုပ်ဖို့ အပြိုင် ကြိုးစားနေကြပါပြီ။ မကြာခင်အချိန်အတွင်း ခေါက်ချိုးသုံးနိုင်တဲ့ ဖုန်းတွေကို ဈေးကွက်တွင်း ပိုမို မြင်တွေ့လာရဖို့ ရှိပါတယ်။
Ref: Engadget, The Verge