ယနေ့ ကျင်းပခဲ့တဲ့ Samsung Galaxy Unpacked ပွဲမှာ ပရိတ်သတ်အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာက Galaxy S10 ဖုန်းသုံးမျိုးနဲ့ ခေါက်ချိုးအသုံးပြုနိုင်တဲ့ Galaxy Fold စမတ်ဖုန်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S10 စီးရီးထဲမှာ နောက်ထပ် ဖုန်းမော်ဒယ်တခု ရှိပါသေးတယ်။ Galaxy S10 5G ဗားရှင်းပါ။ 5G နာမည် ပေးထားပေမယ့် 5G ချိတ်ဆက်နိုင်မှုထက် ပိုမိုတဲ့ စွမ်းဆောင်ရည်တွေ ဒီဖုန်းမှာ ပါရှိပါတယ်။
Galaxy S10 5G ဟာ Samsung က ထုတ်ဖူးသမျှ Galaxy Fold ဖုန်းမပါ တခြား Flagship ဖုန်းမော်ဒယ်တွေထဲမှာ မျက်နှာပြင်အရွယ်အစား အကြီးမားဆုံး ဖုန်းဖြစ်ပါတယ်။ Note စီးရီးထဲက Galaxy Note 9 ဖုန်းထက်တောင် ကြီးတာပါ။
Galaxy S10 5G မှာ ရုပ်ထွက်အရည်အသွေး 1440p+ ရှိ၊ ကြီးမားတဲ့ ၆.၇ လက်မအရွယ် Dynamic AMOLED မျက်နှာပြင်အကွေးကို အသုံးပြုထားပါတယ်။ Galaxy S10 စီးရီးနည်းတူ HDR10+ ဗီဒီယိုတွေ ကြည့်ရှုနိုင်တဲ့ Display ပါ ပထမဆုံးဖုန်းတွေထဲက တလုံးလည်း ဖြစ်ပါတယ်။ Galaxy S10 နဲ့ Galaxy S10+ တို့မှာ ပါတဲ့ နှုန်းလွန်အသံလှိုင်းသုံး မျက်နှာပြင်အောက် လက်ဗွေရာဖတ်စနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။
Galaxy S10 5G ဆိုတဲ့ နာမည်အတိုင်း mmWave နဲ့ sub-6Hz ကွန်ရက်တွေကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ ပထမဆုံး Samsung 5G ဖုန်း ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် မြန်နှုန်း 1.2Gbps အထိ ရှိတဲ့ Wi-Fi 6 လည်း ပါဝင်ပါသေးတယ်။
Galaxy S10 5G ဖုန်းကို Samsung ကိုယ်ပိုင် Exynos 9820 Chipset ဒါမှမဟုတ် Qualcomm ရဲ့ Snapdragon 855 Chipset မော်ဒယ်ဆိုပြီး နှစ်မျိုးနှစ်စား ထုတ်သွားမှာပါ။ 8GB RAM ပါဝင်ပြီး၊ Storage ပမာဏကတော့ 256GB ပါ။ ကျန် Galaxy S10 စီးရီးဖုန်းတွေမှာ microSD ကတ် စိုက်နိုင်ပေမယ့်၊ ဒီဖုန်းမှာတော့ စိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတချက်ပဲ အနည်းငယ် အားလျော့သွားတာပါ။
ဒါပေမယ့် ကင်မရာမှာတော့ Galaxy S10 စီးရီး အားလုံးထက် ပို အဆင့်မြင့်သွားပါတယ်။ Galaxy S10 ဖုန်း ရဲ့ ရှေ့နဲ့ နောက် ကင်မရာတွေမှာ 3D Time of Flight ကင်မရာအစိတ်အပိုင်းတခုစီ ထပ်မံ ပါဝင်လာတာပါ။ စုစုပေါင်း ကင်မရာ ခြောက်လုံး ဖြစ်သွားပြီး၊ ဗီဒီယိုတွေကိုတောင် Live Focus ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် 3D ပုံရိပ်တွေကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။
Display က HDR10+ ရတဲ့ Display ဖြစ်သလို၊ ကျောကင်မရာကလည်း 4K HDR10+ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါသေးတယ်။ ဒါ့အပြင် အရှေ့က 10MP selfie ကင်မရာကလည်း 4K ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ 3D ToF ဆန်ဆာ ထည့်ဖို့အတွက် အရှေ့က ဆေးတောင့်ပုံစံ Display အပေါက်ကတော့ နည်းနည်း ပိုကျယ်သွားပါတယ်။
Galaxy S10 5G မှာ ကြီးမားတဲ့ 4,500mAh ဘက်ထရီကို ထည့်သွင်း အသုံးပြုပေးထားပြီး၊ 25W အားသုံး Super Fast Charging အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကြိုးမဲ့ အမြန်အားသွင်းစနစ် Wireless Charging 2.0 လည်း ပါဝင်ပြီး၊ Galaxy S10 ဖုန်းတွေအတိုင်း Galaxy Buds ကြိုးမဲ့ နားကြပ်အပါအဝင် ကြိုးမဲ့အားသွင်းစနစ်ရတဲ့ Device တိုင်းကို နောက်ကျောမှာ ကပ်လိုက်ရုံနဲ့ ဘက်ထရီအား မျှဝေပေးလို့ ရပါသေးတယ်။
ရေစိုခံနိုင်စွမ်း IP68 အဆင့် ရရှိထားတဲ့ ဖုန်းဖြစ်ပြီး၊ Dolby Atmos စနစ်ပါ စတီရီယို စပီကာတွေနဲ့ပါ။ Samsung Dex အပြင် Samsung ရဲ့ တခြား Flagship လုပ်ဆောင်ချက်တွေ အကုန်ပါဝင်မှာပါ။ ပြောရရင် Galaxy S10 မှာ ပါသမျှ Galaxy S10 5G မှာ ပါဝင်ပြီး၊ S10 ကိုမှ ထပ်မံ အဆင့်မြှင့်တင်ထားတဲ့ ဖုန်းတလုံးလို့ ဆိုနိုင်ပါတယ်။ 5G ကွန်ရက်တွေ သုံးစွဲသူတွေထံ ရောက်ရှိလာရင် အဆင်သင့် သုံးစွဲနိုင်မယ့် ဖုန်းတလုံးပါ။ Samsung ရဲ့ ပြောကြားချက်အရ အပိုင်းစုံပါဝင်တဲ့ တီဗီဇာတ်လမ်းတွဲတခုလုံးကို မိနစ်ပိုင်းအတွင်း Download ဆွဲနိုင်မယ့် မြန်နှုန်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရုပ်ထွက်မြင့်မားပြီး၊ ကွန်ရက်မြန်နှုန်း မြင့်မားဖို့ လိုအပ်တဲ့ Cloud ဂိမ်းတွေကို လုံးဝ အထစ်အငေါ့ မရှိ ကစားနိုင်မှာပါ။ VR နဲ့ AR နည်းပညာတွေကို အပြည့်အဝ ခံစားနိုင်ပြီး၊ မိသားစုဝင်တွေနဲ့ 4K ဗီဒီယိုခေါ်ဆိုမှုတွေကို ချောမွေ့စွာ ပြုလုပ်နိုင်မယ့် ဖုန်းတလုံး ဖြစ်ပါတယ်။
Galaxy S10 5G ဖုန်းကို ယခု ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း စတင် ရောင်းချသွားမှာပါ။ အမေရိကန်ု ပြည်ထောင်စုအတွင်း စတင် ရောင်းချစဉ်မှာ Verizon ကနေပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ AT&T နဲ့ T-Mobile တို့ကနေလည်း ရောင်းချသွားမှာပါ။ ဈေးနှုန်းတော့ မသိရသေးပါဘူး။
Ref: GSM Arena, The Verge