IT

နှစ်ဖက် ချိုးနိုင်မည့် Apple ရဲ့ ခေါက်ချိုးဖုန်း

Want create site? Find Free WordPress Themes and plugins.

Samsung က ခေါက်ချိုးအသုံးပြုနိုင်တဲ့ Galaxy Fold စမတ်ဖုန်းကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီးနောက်မှာ၊ ပြိုင်ဘက် Apple ကုမ္ပဏီကလည်း ခေါက်ချိုးဖုန်းတလုံး ထုတ်ဖို့ စီစဉ်နေပါပြီ။

လွန်ခဲ့တဲ့တပတ်က ထုတ်ပြန်ခဲ့တဲ့ မူပိုင်ခွင့်လျှောက်လွှာတွေမှာ Apple ရဲ့ ခေါက်ချိုးဖုန်း ဒီဇိုင်းပုံစံတွေကို စတင် မြင်တွေ့ခဲ့ရပါတယ်။ ယမန်နှစ်၊ အောက်တိုဘာလကတည်းက တင်ထားတဲ့ မူပိုင်ခွင့်တွေ ဖြစ်တာကြောင့် Apple လည်း ခေါက်ချိုးဖုန်း ထုတ်ဖို့ စဉ်းစားနေပြီလို့ ယူဆရပါတယ်။

Apple မူပိုင်ခွင့် ဒီဇိုင်းကို LetsGoDigital မှ ပုံဖော်ထားပုံ

ယမန်နေ့က မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ ဒေါ်လာ ၂,၀၀၀ တန် Galaxy Fold စမတ်ဖုန်းဟာ စာအုပ်တအုပ်လို အဖွင့်၊ အပိတ်ပြုလုပ်နိုင်တဲ့ ခေါက်ချိုးဖုန်း တလုံး ဖြစ်ပါတယ်။ Apple စဉ်းစားထားတဲ့ ခေါက်ချိုးဖုန်း ဒီဇိုင်းကတော့ Samsung နဲ့ အနည်းငယ် ကွာခြားမှု ရှိပါတယ်။

Apple ရဲ့ မူပိုင်ခွင့် ဒီဇိုင်းတွေကို LetsGoDigital က ပုံဖော်ထားချက်ကို ကြည့်မယ်ဆိုရင် အလျားလိုက် ဝင်ရိုးအတိုင်း ခေါက်ချိုးနိုင်မယ့် Plus အရွယ်အစား iPhone တလုံးကို ထုတ်ဖို့ စဉ်းစားနေပုံပါ။ တက်ဘလက်အရွယ်အစား ပြောင်းလဲနိုင်တဲ့ ခေါက်ချိုးဖုန်း အစား Plus အရွယ်အစား iPhone ကို ပိုသေးသွားအောင် ချိုးချနိုင်မယ့် ပုံစံ ဖြစ်ပါတယ်။

Apple ၏ သုံးခေါက်ချိုးဖုန်း ဒီဇိုင်း မူပိုင်ခွင့်

Apple ခေါက်ချိုးဖုန်းရဲ့ နောက်ထပ် ထူးခြားချက်တခုက တဖက်တည်းကို ချိုးချလို့ ရတာမဟုတ်ဘဲ အတွင်း၊ အပြင် နှစ်ဖက်စလုံး ချိုးချနိုင်မယ့် ဒီဇိုင်း ဖြစ်ပါတယ်။ ဖုန်းတလုံးတည်းမှာပဲ မတူညီတဲ့ မြင်ကွင်းနှစ်ခုကို ပြပေးနိုင်မယ့် “Tent Mode” ပုံစံမျိုး ဖြစ်ပါတယ်။

Apple မူပိုင်ခွင့်လျှောက်လွှာမှာ Display ကို သုံးခေါက် ချိုးချနိုင်မယ့် ဒီဇိုင်းပုံစံတခုကိုလည်း တွေ့မြင်ရပါတယ်။ ယခု ခေါက်ချိုးဒီဇိုင်းတွေဟာ iPhone တွေတင်မက iPad နဲ့ MacBook တို့မှာလည်း အသုံးပြုနိုင်ခြေ ရှိပါတယ်။

Apple ရဲ့ မူပိုင်ခွင့်ဒီဇိုင်းတွေဟာ ယုတ္တိ တန်၊ မတန်ကတော့ ဆုံးဖြတ်ဖို့ စောပါသေးတယ်။ ဒါ့အပြင် မူပိုင်ခွင့်တိုင်းဟာ တကယ့်ထုတ်ကုန်အဖြစ် ကျိန်းသေပေါက် ထွက်ရှိလာတာမျိုး မရှိတဲ့အတွက် တထစ်ချ ယူဆလို့တော့ မရသေးပါဘူး။ ဒါပေမယ့် သေချာတာတခုကတော့ Apple လည်း ခေါက်ချိုးဖုန်းနဲ့ ပတ်သတ်ပြီး စဉ်းစားနေုပုံ ပေါ်ပါတယ်။

ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းတွေကို Huawei၊ Xiaomi စတဲ့ တခြားစမတ်ဖုန်းကုမ္ပဏီတွေကလည်း ထုတ်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ Huawei ကတော့ ခေါက်ချိုးသုံးနိုင်မယ့် 5G ဖုန်းတမျိုးကို ရှေ့တပတ်ထဲ ကျင်းပမယ့် Mobile World Congress ပွဲမှာ မိတ်ဆက်သွားဖို့ ရှိကြောင်း အတည်ပြု ပြောကြားထားပါတယ်။

Ref: The Verge, Slash Gear

Did you find apk for android? You can find new Free Android Games and apps.
Loading