ခေါက်ချိုးအသုံးပြုနိုင်တဲ့ Galaxy Fold စမတ်ဖုန်းကို Samsung က မိတ်ဆက်ပြီး တပတ် မကြာခင်မှာပဲ Huawei ကလည်း အလားတူ ခေါက်ချိုးဖုန်းတလုံးကို မိတ်ဆက်လိုက်ပါတယ်။ Mate X လို့ အမည်ပေးထားပြီး၊ ဘာစီလိုနာမှာ ကျင်းပပြုလုပ်နေတဲ့ Mobile World Congress ပွဲကြို အခမ်းအနားမှာ မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။
အဓိက ကွာခြားချက်တခုကတော့ Samsung Galaxy Fold စမတ်ဖုန်းမှာ ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်က အတွင်းထဲမှာ ရှိပြီး၊ Huawei Mate X မှာတော့ ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်က အတွင်းမှာ ပါရှိပါတယ်။ ၈ လက်မ အရွယ် OLED Display က ခေါက်ထားတဲ့အချိန်မှာ ၁၁ မီလီမီတာ အထူပဲ ရှိတဲ့အတွက် Galaxy Fold ထက် ပိုမို ပါးလျမှု ရှိပါတယ်။ Mate X ဖုန်းရဲ့ တခြား အဓိကအချက်အလက်တွေကတော့ 5G ချိတ်ဆက်နိုင်စွမ်း၊ 4,500mAh ဘက်ထရီနဲ့ Huawei ရဲ့ ကိုယ်ပိုင် Kirin 980 Chipset အသုံးပြုထားတာတို့ ဖြစ်ပါတယ်။
Mate X မှာ OLED မျက်နှာပြင်တခုတည်း ပါဝင်တယ် ဆိုပေမယ့် တကယ်တမ်းကျ မျက်နှာပြင်ပုံစံ ၃ မျိုး အသုံးပြုနိုင်ပါတယ်။ ဖုန်းကို ခေါက်ထားတဲ့အချိန်မှာ အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်ပါတဲ့ Dual-screen စမတ်ဖုန်းပုံစံ ဖြစ်သွားပြီး၊ ကျောကင်မရာနဲ့ နောက်က စခရင်ကို ကြည့်ပြီး ဓာတ်ပုံ ရိုက်နိုင်မှာပါ။
တခြားသူကို ဓာတ်ပုံရိုက်ပေးမယ်ဆိုလည်း အနောက်စခရင်ကနေ ပြန်မြင်နေရမှာ ဖြစ်တဲ့အတွက် တော်တော်အသုံးတည့်မှာ ဖြစ်ပါတယ်။ အနောက်မျက်နှာပြင်ကို အရှေ့ကို လှန်ဖွင့်လိုက်မယ်ဆိုရင်တော့ တက်ဘလက်တလုံး ဖြစ်သွားမှာပါ။
Huawei Mate X ဖုန်းရဲ့ ဘေးစွန်းတဖက်မှာတော့ ပိုမိုလွယ်ကူစွာ ကိုင်တွယ်အသုံးပြုနိုင်ဖို့အတွက် အနည်းငယ် ပိုမိုထူထဲတဲ့ လက်ကိုင်အကန့်လေးတခု ပါရှိမှာ ဖြစ်ပါတယ်။ အဆိုပါအကန့်မှာပဲ ကင်မရာ ၃ လုံး၊ ဖလက်ရှ်မီးနဲ့ ခေါက်ထားတဲ့အခါ အပိုမျက်နှာပြင်ကို ထိန်းထားပေးမယ့် ခလုတ်တခုတို့ ပါဝင်မှာပါ။
ယခုဒီဇိုင်းကြောင့် Mate X ဖုန်းဟာ ဖြန့်ထားတဲ့အချိန်မှာ ၅.၄ မီလီမီတာ အထူပဲ ရှိမှာဖြစ်သလို၊ ခေါက်ထားတဲ့အချိန် မှာလည်း စုစုပေါင်း ၁၁ မီလီမီတာ သာ အထူ ရှိမှာ ဖြစ်ပါတယ်။ သာမန်ဖုန်းတလုံးနဲ့ သိပ်မကွာပါဘူး။ မာကျော၊ အကြမ်းခံတဲ့ Falcon Wing ပတ္တာဒီဇိုင်းကို အသုံးပြုထားတာကြောင့် အကြိမ်ပေါင်း များစွာ အဖွင့်၊ အပိတ် လုပ်နိုင်ပြီး၊ OLED စခရင်အပျော့ကလည်း အကြိမ်များစွာ ခေါက်ချိုးခံနိုင်ရည်ရှိတယ်လို့ Huawei က ဆိုထားပါတယ်။
Huawei Mate X ကို အောက်ပါ မျက်နှာပြင်ပုံစံ (Display Modes) သုံးမျိုးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
– ၆.၆ လက်မ အရွယ် (19.5:9 Aspect Ratio နှင့် 2480 x 1148 pixels ရှိ) အဓိက Display (ခေါက်ထားစဉ်)
– ၆.၄ လက်မ အရွယ် (25:9 Aspect Ratio နှင့် 2480 x 892 pixels) ကျောဘက် Display (ခေါက်ထားစဉ်)
– ၈ လက်မအရွယ် (8:7.1 Aspect Ratio နှင့် 2480 x 2200 pixels) အဓိက Display (ဖြန့်ထားစဉ်)
Huawei Mate X မှာ Mate 20 Pro ဖုန်းအတိုင်း Kirin 980 Chipset ၊ 5G သုံးဖို့အတွက် Huawei ကိုယ်ပိုင် Balong 5000 5G Modem တို့ ပါရှိပြီး၊ SIM နှစ်ကတ် ဒါမှမဟုတ် SIM တကတ်နဲ့ Nano Memory ကတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 4,500mAh ဘက်ထရီ ပါရှိပြီး၊ အဆင့်မြှင့်တင်ထားတဲ့ Huawei SuperCharge 55W စနစ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဘက်ထရီအား ၈၅ ရာခိုင်နှုန်းကို မိနစ် ၃၀ အတွင်း သွင်းပေးနိုင်မှာပါ။ လက်ဗွေရာဆန်ဆာကိုတော့ ဖုန်းရဲ့ ဘေးဘက် ပါဝါခလုတ်မှာ ပူးတွဲ ထည့်သွင်းထားပါတယ်။
8GB RAM နဲ့ 512GB Storage ပါဝင်တဲ့ Huawei Mate X ကို ၂,၂၉၉ ယူရိုနဲ့ ယခု နှစ်လယ်လောက်မှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။
Ref: The Verge, Huawei