5G ကွန်ရက်သစ် အသုံးပြုနိုင်မယ့် V50 ThinQ စမတ်ဖုန်းကို LG က မိတ်ဆက်လိုက်ပါပြီ။ V50 ThinQ လို့ အမည်ရပြီး၊ မနှစ်က ထွက်ရှိခဲ့တဲ့ V40 ThinQ ဒီဇိုင်းအတိုင်းပဲ 5G ကွန်ရက်သစ် အသုံးပြုနိုင်စွမ်း ထည့်ပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။
5G ဖုန်းဆိုတဲ့အတိုင်း V50 ThinQ ဖုန်းရဲ့ နောက်ဘက်မှာ 5G လိုဂိုကို ထင်ထင်ရှားရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ V40 ThinQ နဲ့ ဒီဇိုင်းပိုင်း တူညီပေမယ့် အသေးစိတ်အချက်အလက်တွေတော့ ကွဲပြားသွားပါတယ်။ ဘက်ထရီက ပိုမိုကြီးမားတဲ့ 4,000mAh ဘက်ထရီ ဖြစ်သွားပြီး၊ Qualcomm X50 5G modem အတွက် Snapdragon 855 Chipset ကို အသုံးပြုထားပါတယ်။
ဒါ့အပြင် ပရိုဆက်ဆာအသစ်နဲ့ ဘက်ထရီတို့က ထွက်ရှိမယ့် အပူကို လျော့ပေးနိုင်ဖို့အတွက် အအေးပေးစနစ်ကိုလည်း ထည့်သွင်း အသုံးပြုထားပါတယ်။ V40 ThinQ ထက် ပိုထူထဲသလို၊ အနည်းငယ် ပိုမိုလေးလံမှာပါ။ V40 တုန်းကလို ကျောကင်မရာအတွဲက အရှေ့ကို ဖောင်းထွက်မနေတော့ဘဲ ဖုန်းကိုယ်ထည်နဲ့ တပြေးတည်း ဖြစ်သွားပါတယ်။
V50 ThinQ ရဲ့ နောက်ထပ်ထူးခြားချက်တခုကတော့ အပိုစခရင်တခု ထပ်မံ တပ်သုံးနိုင်ပါတယ်။ Dual Screen အပိုပစ္စည်းကိုတော့ သက်သက် ဝယ်ရပါလိမ့်မယ်။ ဖုန်းရဲ့ ကျောဘက်ကနေ ၆.၂ လက်မ အရွယ်အစားရှိတဲ့ OLED Display တခုကို တပ်သုံးနိုင်ပြီး၊ အဆိုပါ အပို Display ကိုတော့ V50 ထဲက ဘက်ထရီကပဲ ပါဝါ ပေးမှာ ဖြစ်ပါတယ်။
ဒီ့အတွက် ဖုန်းဘက်ထရီတော့ ပိုကုန်မှာပါ။ အပို Screen ကနေ မတူညီတဲ့ Application တခုစီကို Display တခုစီမှာ ခွဲဖွင့်ပြီး၊ Multitasking လုပ်နိုင်သလို၊ တချို့ဂိမ်းတွေ ဆော့ရင်လည်း ဂိမ်းခလုတ် ပုံစံမျိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dual Screen အပိုပစ္စည်းကိုတော့ U.S ကလွဲလို့ နိုင်ငံတကာမှာ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
V50 ဖုန်းကို Sprint ကနေတဆင့် မကြာမီလအနည်းငယ်အတွင်း U.S မှာ စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ LG က ပြောကြးပါတယ်။ LG အခြေစိုက်ရာ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ အခြားဥရောပနိုင်ငံတွေမှာလည်း တပြေးညီ ရရှိသွားနိုင်ပါတယ်။
LG V50 ThinQ ဖုန်းရဲ့ ဈေးနှုန်းနဲ့ ထွက်ရှိမယ့် ရက်အတိအကျကိုတော့ ကြေညာရခြင်း မရှိသေးပါဘူး။
Ref: The Verge, GSM Arena