Samsung နဲ့ Huawei တို့က ခေါက်ချိုးဖုန်းတွေကို အသီးသီး မိတ်ဆက်ခဲ့ပြီးနောက်မှာ OPPO ကလည်း ကိုယ်ပိုင် ခေါက်ချိုးဖုန်းတလုံးကို အမြည်း ပြသလိုက်ပါတယ်။
OPPO ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ Brain Shen က နာမည်မပေးထားရသေးတဲ့ ခေါက်ချိုးဖုန်းတလုံးရဲ့ ဓာတ်ပုံတွေကို တရုတ်လူမှုကွန်ရက် Weibo မှာ မနေ့က မျှဝေပေးလိုက်တာပါ။ ရှေ့ပြေးမော်ဒယ် အဆင့်ပဲ ရှိသေးပြီး ဝယ်လိုအား မရှိသေးပါက ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် မရှိသေးကြောင်း ပြောကြားထားပါတယ်။
OPPO ရဲ့ ခေါက်ချိုးဖုန်းဟာ Samsung Galaxy Fold နဲ့ တူညီမှု မရှိပေမယ့် Huawei Mate X ခေါက်ချိုးဖုန်းနဲ့တော့ တော်တော်လေး ဆင်တူပါတယ်။ Mate X အတိုင်း OLED အရှေ့မျက်နှာပြင် အကြီး တခုကိုသာ သာမန်ဖုန်းတွေ အတိုင်း ကိုယ်ထည်အပြင်ဘက်မှာ တပ်ဆင်ထားပြီး အလယ်ကနေ ခေါက်ချိုး ချနိုင်ပါတယ်။ ဒါ့အပြင် Mate X နည်းတူ လက်ကိုင်ဖို့အတွက်နဲ့ ကင်မရာနဲ့ တခြားလိုအပ်တဲ့ အစိတ်အပိုင်းတွေ ထားရှိဖို့အတွက် အကန့်တခုလည်း ဖုန်းဘေးတဖက်မှာ ပါရှိပါတယ်။
OPPO ဟာ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ တီထွင်ဆန်းသစ်မှု အများဆုံး ကုမ္ပဏီတခု ဖြစ်ပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Samsung နဲ့ Huawei တို့ဟာ့ ဒေါ်လာ ၂,၀၀၀ ကျော် ဈေးတွေနဲ့ ကိုယ်ပိုင် ခေါက်ချိုးဖုန်းတွေကို စတင် ရောင်းချနေချိန်မှာ OPPO ကတော့ တိုက်ရိုက် ယှဉ်ပြိုင်မှု လုပ်ဦးမှာ မဟုတ်လောက်ပါဘူး။ OPPO မှာလည်း ခေါက်ချိုးဖုန်းတလုံး အဆင်သင့် ရှိနေတယ်ဆိုတာ ပြသရုံ သက်သက်ပဲလို့ ယူဆရပါတယ်။
အခုဆို စမတ်ဖုန်းကုမ္ပဏီတော်တော်များများက ခေါက်ချိုးဖုန်းတွေကို မိတ်ဆက်နေကြပြီ ဖြစ်တာကြောင့် မကြာခင် ဈေးကွက်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လာရတော့မှာ ဖြစ်ပါတယ်။ ဝယ်လိုအား မြင့်တက်လာတာနဲ့ အမျှ ခေါက်ချိုးဖုန်းတွေရဲ့ ဈေးနှုန်းဟာလည်း တဖြည်းဖြည်း ကျဆင်းလာမယ်လို့ မျှော်လင့်ရပါတယ်။
Ref: The Verge, Engadget