IT

ZTE ရဲ့ ဖုန်းတဖြစ်လဲ ခေါက်ချိုး စမတ်နာရီ "Nubia Alpha"

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ ယခုနှစ် MWC ပွဲမှာ ခေါက်ချိုးအသုံးပြုနိုင်တဲ့ ထုတ်ကုန်အများအပြားကို တွေ့မြင်နေရပါတယ်။ ယခုနောက်ဆုံး မိတ်ဆက်လိုက်တာကတော့ ZTE ရဲ့ အမှတ်တံဆိပ်ခွဲတခုဖြစ်တဲ့ Nubia က ထုတ်လုပ်တဲ့ Alpha စမတ်နာရီပါ။ လက်မှာ ပတ်ထားနိုင်တဲ့ ခေါက်ချိုး စမတ်ဖုန်းလို့ ဆိုရင်လည်း မမှားပါဘူး။

Nubia Alpha ကို ၂၀၁၈ ခုနှစ် IFA ပွဲမှာ အမြည်းမြင်တွေ့ခဲ့ရပြီး ယခုနှစ် MWC ပွဲမှာတော့ ဒီနာရီရဲ့ လုပ်ဆောင်ချက်တွေနဲ့ အသေးစိတ်အချက်အလက်တွေကို မျှဝေပေးခဲ့သလို အားလုံးကိုလည်း ကိုင်ခွင့် ပေးခဲ့ပါတယ်။

Alpha မှာ Visionox က ထုတ်လုပ်ပေးထားတဲ့ ၄ လက်မအရွယ် 960×192 OLED ခေါက်ချိုးမျက်နှာပြင် တခု ပါရှိပါတယ်။ “ဈေးကွက်အတွင်း လက်မှာ ပတ်ဆင်နိုင်တဲ့ အကြီးဆုံး စခရင်အပျော့” ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ အပူချိန် ခံနိုင်ရည်ရှိပြီး မာကျောတဲ့ Polyimide ပေါ်လီမာ ဒြပ်ပေါင်းနဲ့ အကာအကွယ်ပေးထားပြီး နာရီတခုလုံးက ရေစိုခံနိုင်ပါတယ်။

ဝတ်ဆင်နိုင်တဲ့ စမတ်ပစ္စည်း (Wearables) တွေအတွက် ထုတ်လုပ်ထားတဲ့ Qualcomm ရဲ့ Snapdragon Wear 2100 Chipset ကို Alpha မှာ အသုံးပြုထားပါတယ်။ 1GB RAM နဲ့ 8GB Internal Storage ပါရှိပြီး ဘက်ထရီကတော့ 500mAh ပါ။ Nubia ရဲ့ ပြောကြားချက်အရ အားတခါသွင်းပြီးရင် တရက်ကနေ နှစ်ရက် ခံတယ်လို့ သိရပါတယ်။

စမတ်ဖုန်းတွေအတိုင်း Bluetooth, Wifi တို့ ပါရှိပါတယ်။ ဒါ့အပြင် 4G eSIM လည်း အသုံးပြုနိုင်တာကြောင့် ဖုန်းပြော၊ မက်ဆေ့ပို့၊ အင်တာနက်သုံးတာတွေကို နာရီကနေတင် လုပ်ဆောင်နိုင်မှာပါ။ ဒါ့အပြင် Selfie ရိုက်ချင်သပ ဆိုရင်လည်း 5-megapixel ကင်မရာတလုံး ပါဝင်ပါသေးတယ်။

Nubia Alpha မှာ စမတ်ဖုန်းလုပ်ဆောင်ချက်တွေ သာမက၊ ကျန်းမာရေးလိုက်စားသူတွေအတွက် စမတ် လက်ပတ်တလုံးရဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ အိပ်ချိန်၊ လေ့ကျင့်ခန်းနဲ့ နှလုံးခုန်နှုန်း စောင့်ကြည့်တိုင်းတာနိုင်မှု စနစ်တွေလည်း ပါဝင်မှာပါ။ ဒီစနစ်အားလုံးကိုတော့ သီးသန့် ပြုလုပ်ထားတဲ့ Wearable OS ကနေ အသုံးပြုရမှာပါ။

အသံနဲ့ ထိန်းချုပ်နိုင်စွမ်း၊ စခရင်ကို ထိစရာမလိုဘဲ လက်ဟန်အမူအရာနဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ လက်ချောင်း အများအပြား ထိတွေ့ အသုံးပြုနိုင်တဲ့ Multi-touch လုပ်ဆောင်စွမ်းတွေလည်း ယခု စမတ်နာရီမှာ ပါဝင်မှာပါ။

Nubia Alpha စမတ်နာရီကို Bluetooth ပဲ ပါတဲ့ အနက်ရောင် မော်ဒယ်၊ 4G eSIM ပါတဲ့ အနက်ရောင် မော်ဒယ်နဲ့ ၁၈-ကာရက် ရွှေသား အုပ်ထားတဲ့ 4G eSIM မော်ဒယ်ဆိုပြီး ၃ မျိုး ရောင်းချသွားမှာပါ။

ဈေးနှုန်းတွေကတော့ ယူရို ၄၅၀၊ ယူရို ၅၅၀ နဲ့ ယူရို ၆၅၀ အသီးသီး ရှိပါတယ်။ China Unicom ကနေ ဧပြီလအတွင်း စတင်ရောင်းချသွားမှာပါ။ ဥရောပမှာတော့ ယခုနှစ်၊ တတိယ ၃ လပတ်အတွင်း ရောင်းချမှာဖြစ်ပြီး၊ မြောက်အမေရိကမှာတော့ စတုတ္ထ ၃ လပတ်မှ ရောင်းချသွားမှာပါ။

Ref: Engadget, GSM Arena

Loading