မနှစ်က မိတ်ဆက်ခဲ့တဲ့ G7 ThinQ ရဲ့ မျိုးဆက်သစ် G8 ThinQ စမတ်ဖုန်းကို MWC 2019 ပွဲမှာ LG က မိတ်ဆက်ပြသလိုက်ပါတယ်။
LG G8 ThinQ ဖုန်းရဲ့ အထူးခြားဆုံး လုပ်ဆောင်ချက်တခုကတော့ လက်ဖဝါးပြ ဖွင့်လှစ်နိုင်တဲ့ “Hand ID” စနစ် ပါဝင်လာတာပါ။ “Z-camera” လို့ အမည်ပေးထားတဲ့ ရှေ့ကင်မရာစနစ်ကို ထည့်သွင်းထားပြီး ToF ဆန်ဆာကနေ လှုပ်ရှားမှု၊ လက်အမူအရာနဲ့ ကင်မရာရှေ့က အရာဝတ္ထုတွေရဲ့ တည်နေရာအကွာအဝေးကို သိရှိနိုင်ပါတယ်။
Z Camera စနစ်မှာ 3D ပုံရိပ်ဖော်မှုနဲ့ လှုပ်ရှားမှုဖမ်းယူမှုတို့အတွက် အနီအောက်ရောင်ခြည် ထုတ်ပေးနိုင်တဲ့ ဆန်ဆာပါ 8-megapixel ကင်မရာ တလုံးပါရှိပါတယ်။ ဒီကင်မရာကြောင့် မျက်နှာရဲ့ 3D ပုံစံကို ပုံဖော်ပေးနိုင်ပြီး၊ Face Unlock စနစ်ကို အသုံးပြုနိုင်မှာပါ။
Z Camera စနစ်ရဲ့ နောက်ထပ် ထူးခြားတဲ့ လုပ်ဆောင်ချက်တခုကတော့ “Hand ID” ပါ။ လက်သွေးကြောထဲမှာ ရှိတဲ့ ဟေမိုဂလိုဘင် ပရိုတိန်းရဲ့ အနီရောင်ရောင်ခြည်လှိုင်း စုပ်ယူမှုအပေါ် အခြေခံပြီး သွေးကြောပုံစံကို ဖော်ပေးနိုင်ပါတယ်။
ဖုန်းကို လက်နဲ့ ထိစရာ မလိုဘဲ ဆန်ဆာပေါ် လက် အုပ်ပြလိုက်ရုံနဲ့ ဖုန်းကို ဖွင့်နိုင်မှာပါ။ လုံခြုံရေးရှုထောင့်က ကြည့်မယ်ဆိုရင် သွေးကြောပုံစံစနစ် ဟာ ဖောက်ထွင်းနိုင်ဖို့ အလွန်တရာ ခဲယဉ်းတယ်လို့ LG က ဆိုပါတယ်။
ဒါ့အပြင် Z Camera စနစ်ကနေ Air Motion လို့ ခေါ်တဲ့ လက်အမူအရာ ထိန်းချုပ်စနစ်ကိုလည်း G8 ThinQ ဖုန်းမှာ အသုံးပြုနိုင်မှာပါ။ ဖုန်းကိုင်တာ၊ သီချင်း၊ ဗီဒီယို အဖွင့်၊ အပိတ်၊ အသံ အတိုး၊ အချဲ့ စတဲ့ အခြေခံလုပ်ဆောင်ချက်တွေကို ဖုန်းရှေ့မှာ လက်ဝှေ့ယမ်းပြီး ထိန်းချုပ်နိုင်ပါတယ်။ Touch နဲ့ ပဲ ထိတွေ့ အသုံးပြုနေကြ စမတ်ဖုန်းသုံးစွဲသူတွေအဖို့ အသားကျဖို့ အချိန်ယူရမယ့် စနစ်တွေပါ။
LG G8 ThinQ ဖုန်းရဲ့ တခြားအချက်အလက်တွေကတော့ ၆.၁ လက်မအရွယ် 3120×1440 pixels အရည်အသွေးရှိ OLED Display၊ Snapdragon 855 Chipset၊ 6GB RAM နဲ့ 128GB Storage တို့ ဖြစ်ပါတယ်။ ကျောဘက် လက်ဗွေရာစနစ်လည်း ပါဝင်ပါသေးတယ်။
ဘက်ထရီကတော့ 3,500mAh ဘက်ထရီပါ။ ကျောကင်မရာနှစ်လုံး၊ USB-C Port၊ 3.5mm နားကြပ်ပေါက်၊ microSD ကတ်နဲ့ IP68 ရေစိုခံနိုင်စွမ်းတို့လည်း ပါဝင်ပါတယ်။
သာမန် စပီကာအစား ဖုန်းရှေ့ဖန်သားမျက်နှာပြင်ကို တုန်ခါခြင်းအားဖြင့် အသံထုတ်ပေးနိုင်တဲ့ Crystal Sound OLED စပီကာကိုလည်း G8 ThinQ မှာ အသုံးပြုထားပါတယ်။ ဖုန်းပြောရာမှာ အဆိုပါ စပီကာစနစ်သစ်နဲ့ နားထောင်နိုင်ပြီး သီချင်းတွေ ကျယ်ကျယ်လောင်လောင် ဖွင့်ဖို့အတွက်ကတော့ အောက်ဘက် စပီကာတလုံး ပါရှိပါသေးတယ်။
LG ဟာ MWC 2019 ပွဲမှာ 5G အသုံးပြုနိုင်တဲ့ V50 ThinQ ၊ ကျောကင်မရာ ၃ လုံး ဖြစ်သွားမယ့် G8 ThinQ ပရီမီယမ်မော်ဒယ်ကွဲတမျိုးနဲ့ ဈေးပိုနည်းမယ့် G8s ThinQ စမတ်ဖုန်းတွေကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။ G8 စီးရီးဖုန်းတွေရဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် ရက်တွေကိုတော့ တရားဝင် ပြောကြားထားခြင်း မရှိသေးပါဘူး။
Ref: The Verge, Ars Technica