IT

TCL က ခေါက်ချိုးဖုန်း ရှေ့ပြေးဒီဇိုင်းတွေကို ပြသ

Want create site? Find Free WordPress Themes and plugins.

တန်ဖိုးနည်းတီဗီတွေကြောင့် လူသိများသလို၊ Alcatel၊ BlackBerry Mobile အမှတ်တံဆိပ်တွေနဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ TCL ကုမ္ပဏီကလည်း ခေါက်ချိုးဖုန်းတွေ ထုတ်တော့မှာပါ။ လက်ရှိ ကျင်းပနေတဲ့ MWC 2019 ပွဲမှာ ကုမ္ပဏီရဲ့ ခေါက်ချိုးဖုန်း ရှေ့ပြေးဒီဇိုင်းတွေကို စတင် ပြသလိုက်ပါတယ်။

ခေါက်ချိုးဖုန်း ရှေ့ပြေးမော်ဒယ် ငါးမျိုးတိတိ ပြသသွားခဲ့တာ ဖြစ်ပြီး၊ စမ်းသပ်ထုတ်လုပ်ဆဲ ဖြစ်တာကြောင့် ကိုင်တွယ်ခွင့်တော့ မပေးခဲ့ပါဘူး။ အဓိက အသားပေးပြသထားတဲ့ မော်ဒယ်မှာ ၇.၂ လက်မအရွယ် ခေါက်ချိုးနိုင်တဲ့ ကိုယ်ထည်နဲ့ Screen ပါရှိပြီး၊ Samsung Galaxy Fold နဲ့ အရွယ်အစား အတူတူလောက် ဖြစ်ပါတယ်။

ဖုန်းကို ခေါက်ချိုးနိုင်ဖို့အတွက် ပတ္တာဆက် (Hinge) အတွင်းမှာ သေးငယ်တဲ့ ဂီယာအတွဲလိုက်ကို အသုံးပြုထားပြီး၊ DragonHinge ဒီဇိုင်းလို့ TCL က အမည်ပေးထားပါတယ်။ ခေါက်ချိုးနိုင်တဲ့ Display ကို ဖုန်းကိုယ်ထည် အတွင်းဘက်မှာ ထားထားတဲ့ ဒီဇိုင်းပါ။ နောက်မော်ဒယ်တခုကလည်း အလားတူ အတွင်းချိုး ဒီဇိုင်းပါပဲ။ အပြင်ကိုယ်ထည်မှာ နာရီ ပြပေးနိုင်တဲ့ LED မီးစနစ် ပါဝင်လာတာပဲ ကွာသွားမှာပါ။

TCL က ပြသထားတဲ့ နောက်ထပ် ခေါက်ချိုးဖုန်း ဒီဇိုင်းတွေကတော့ Samsung Galaxy Fold အတိုင်း အတွင်းမှာ မျက်နှာပြင်အကြီးတခု ပါဝင်ကာ၊ အပြင်ကိုယ်ထည်မှာလည်း မျက်နှာပြင်အသေးတခုပါတဲ့ ဒီဇိုင်းတခု၊ လက်ပတ်တခုလို ကိုယ်ထည်ကနေ အလျားလိုက် ချိုးချနိုင်တဲ့ ဖုန်းဒီဇိုင်းနှစ်ခုတို့ ဖြစ်ပါတယ်။ အားလုံးမှာ TCL ရဲ့ မူပိုင်ခွင့်ရ DragonHinge နည်းပညာကိုပဲ အသုံးပြုထားတာပါ။

ယခု ခေါက်ချိုးဖုန်းတွေမှာ အသုံးပြုထားတဲ့ AMOLED Display အပျော့ကိုတော့ TCL ရဲ့ ကုမ္ပဏီခွဲတခုဖြစ်တဲ့ China Star Optoelectronics Technology (CSOT) က အထူး ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ CSOT နဲ့ Samsung ၊ LG တို့ဟာ Display ဈေးကွက်မှာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး သုံးခု ဖြစ်ပါတယ်။

TCL ရဲ့ ခေါက်ချိုးဖုန်းတွေကိုတော့ ယခုနှစ်အတွင်း ဈေးကွက်မှာ မြင်တွေ့ရဦးမှာ မဟုတ်ပါဘူး။ ၂၀၂၀ နှစ်လယ်လောက်မှ စတင်ရောင်းချသွားဖို့ မျှော်မှန်းထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

“အသုံးပြုသူတွေ မတတ်နိုင်လောက်အောင် အဖိုးအခ မြင့်နေတဲ့ တီထွင်ဆန်းသစ်မှုတခုကို ဖန်တီးလိုက်တာက၊ အကျိုးရှိတဲ့ တီထွင်ဆန်းသစ်မှုမျိုး မဟုတ်ပါဘူး” လို့ TCL ရဲ့ ဆက်သွယ်ရေးနဲ့ နည်းဗျူဟာ ဌာနမှုး Jason Gerdon က ပြောပါတယ်။

TCL ကုမ္ပဏီက ပထမဆုံးထုတ်မယ့် ခေါက်ချိုးဖုန်းတွေကို ကမ္ဘာ့ပထမဆုံး ခေါက်ချိုးဖုန်းဖြစ်တဲ့ FlexPai ဖုန်းရဲ့ ၁,၃၁၈ ဒေါ်လာဈေးထက် ၃၀ ရာခိုင်နှုန်းလောက် နည်းမယ့်ဈေးနဲ့ပဲ ထုတ်လုပ်သွားဖို့ ဆန္ဒရှိတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဒေါ်လာ ၁,၀၀၀ အောက်နဲ့ပဲ ရောင်းချသွားမယ်လို့ ဆိုလိုချင်တာပါ။ ဒါဆိုရင်တော့ Apple ရဲ့ ၉၉၉ ဒေါ်လာတန် iPhone XS ဈေးထက်ကို နည်းသွားမှာ ဖြစ်ပါတယ်။

“တကယ်အကျိုးရှိမယ့် ထုတ်ကုန်မျိုး ထုတ်နိုင်ဖို့ ကျနော်တို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပါတယ်။ ဒါပေမယ့် ယခုလို တီထွင်ဆန်းသစ်မှုမျိုးကို TCL က လုပ်နိုင်တယ်ဆိုတာကိုလည်း လူတွေကို သိစေချင်ပါတယ်” လို့ Gordon က ဆိုပါတယ်။

Ref: The Verge, Cnet

Did you find apk for android? You can find new Free Android Games and apps.
Loading