အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ဘတ်ထရီ ထုတ်လုပ်သူ ကုမ္ပဏီတခုဖြစ်တဲ့ Energizer ဟာ Power Max P18K Pop ဆိုတဲ့ Android စမတ်ဖုန်းတမျိုးကို ယခုနှစ် MWC 2019 ပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ဒီဖုန်းရဲ့ အထူးခြားဆုံး အချက်ကတော့ ကြီးမားထူထဲတဲ့ 18,000mAh ဘတ်ထရီ ပါဝင်လာတာပါ။
Power Max P18K Pop ဖုန်းရဲ့ ဘက်ထရီဟာ သာမန် Android ဖုန်းတွေရဲ့ ဘက်ထရီထက် ငါးဆကျော် ပိုမို ကြီးမားပြီး၊ ဖုန်းအရွယ်အစားကလည်း တခြားဖုန်းတွေနဲ့ ယှဉ်ရင် သိသိသာသာကို ကြီးမားနေတာ တွေ့မြင်ရမှာပါ။ ဖုန်းကုမ္ပဏီအများစုက ပါးလျပေါ့ပါးတဲ့ စမတ်ဖုန်းတွေ ထုတ်နေကြချိန်မှာ၊ Energizer ကတော့ ကမ္ဘာ့အထူဆုံးလို့တောင် ပြောနိုင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
ဖုန်းကို ကွန်ရက်ချိတ်ပြီး ဒီတိုင်း ဖွင့်ထားမယ်ဆိုရင် ရက် ၅၀ တိတိ ဘက်ထရီ ခံပြီး၊ ဗီဒီယိုဆက်တိုက် ဖွင့်ထားမယ် ဆိုရင်တောင် ၂ ရက်တိတိ အသုံးခံမှာပါ။ သီချင်းပဲ မရပ်မနား ဖွင့်ထားမယ်ဆိုရင်တော့ ၄ ရက်လောက် ဖွင့်ထားလို့ ရပါတယ်။ အားအမြန်သွင်းစနစ် ပါဝင်တဲ့အတွက် ကြီးမားတဲ့ ဘတ်ထရီ ပမာဏကို ၈ နာရီကနေ ၉ နာရီအတွင်း အပြည့် သွင်းနိုင်မှာ ဖြစ်ပါတယ်။
Android စမတ်ဖုန်းတွေရဲ့ ပျှမ်းမျှ ဘတ်ထရီ ပမာဏက 3,500mAh ပတ်ဝန်းကျင်ပဲ ရှိတဲ့အချိန်မှာ Energizer ရဲ့ ဖုန်းအသစ်ကတော့ 18,000mAh အထိ ပါဝင်လာတာပါ။ ဘက်ထရီကြီးတဲ့ အလျောက် ကိုယ်ထည်လည်း ထူထဲသွားပြီး၊ iPhone ၃ လုံးခွဲစာလောက် အထူရှိပါတယ်။
Energizer Power Max P18K Pop ဖုန်းရဲ့ တခြားအချက်အလက်တွေကတော့ ၆.၂ လက်မအရွယ် LCD Display၊ MediaTek ရဲ့ Helio P70 Chipset၊ 6GB RAM နဲ့ 128GB Storage တို့ ဖြစ်ပါတယ်။ Android 9 စနစ်နဲ့ အသုံးပြုနိုင်မှာပါ။
ဖုန်းရဲ့ ကျောဘက်မှာတော့ 12MP+5MP+2MP ကျောကင်မရာသုံးလုံးတွဲကို တွေ့မြင်နိုင်ပြီး၊ အရှေ့ကင်မရာ နှစ်လုံးတွဲကိုတော့ OPPO F11 Pro ဖုန်းအတိုင်း ကိုယ်ထည်အတွင်းက ထွက်လာမယ့် Pop-up camera ဒီဇိုင်းကို အသုံးပြုထားပါတယ်။ SIM နှစ်ကတ်ထိုး အသုံးပြုနိုင်ပြီး၊ လက်ဗွေရာဆန်ဆာလည်း ပါဝင်မှာပါ။
ဒီဖုန်းကို ၅၉၉ ဒေါ်လာနဲ့ ယခု လာမယ့် ဇွန်လအတွင်း ဥရောပမှာ စတင် ရောင်းချသွားမှာပါ။ အပြင်သွားရင် Power Bank မသယ်သွားချင်တဲ့လူတွေ အကြိုက်တွေ့မယ့် ဖုန်းတလုံး ဖြစ်ပါတယ်။
Ref: Android Authority, The Verge