စမတ်ဖုန်းဈေးကွက်ရဲ့ နည်းပညာအသစ်အဆန်းတခုဖြစ်တဲ့ ခေါက်ချိုးဖုန်းတွေကို Android ဖုန်းကုမ္ပဏီတိုင်းလိုလို ထုတ်လုပ်နေကြပါပြီ။ ဒါပေမယ့် စမတ်ဖုန်းဈေးကွက်မှာ တီထွင်ဆန်းသစ်မှု အရှိဆုံး ကုမ္ပဏီတခုဖြစ်တဲ့ Apple ထံကတော့ ခေါက်ချိုးဖုန်းနဲ့ ပတ်သတ်ပြီး သတင်းတစုံတရာ မကြားရသေးပါဘူး။
ဒီအကြောင်းအရာနဲ့ စပ်လျဉ်းပြီး Bloomberg နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ Apple ပူးတွဲတည်ထောင်ခဲ့သူ Steve Wozniak က “Touch ID, Face ID, ဖုန်းနဲ့ ငွေအလွယ်တကူ ပေးချေနိုင်မှု စတဲ့ နယ်ပယ်အချို့မှာ Apple ဟာ နှစ်ရှည်လများ ဦးဆောင်သူ ကုမ္ပဏီတခု ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခေါက်ချိုးဖုန်းလို နယ်ပယ်မှာတော့ ဦးဆောင်သူ မဟုတ်နေပါဘူး။ ဒီအချက်က ကျနော့်ကို တော်တော်လေး စိုးရိမ်ပူပန်စေမိပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော်ကိုယ်တိုင်လည်း ခေါက်ချိုးဖုန်းတလုံး တကယ် လိုချင်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Samsung နဲ့ Huawei တို့က Galaxy Fold နဲ့ Mate X ခေါက်ချိုးဖုန်းတွေကို အသီးသီး မိတ်ဆက်ခဲ့ပြီးနောက်မှာ Wozniak ဆီက ခေါက်ချိုးဖုန်း လိုချင်တယ်ဆိုတဲ့ စကားသံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Android ဖုန်းကုမ္ပဏီတွေဟာ OLED Display အပျော့ကို အသုံးပြုပြီး စမတ်ဖုန်းနဲ့ Tablet ပုံစံ နှစ်မျိုး ပြောင်းလဲနိုင်တဲ့ ခေါက်ချိုးဖုန်းတွေ အပြိုင် မိတ်ဆက်နေတဲ့အချိန်မှာ Apple ကတော့ ငြိမ်ချက်သား ကောင်းနေပါတယ်။ Apple ကိုယ်တိုင်ကည်း အမြဲတမ်း သိုသိုသိပ်သိပ် လုပ်ဆောင်လေ့ရှိတာကြောင့် သတင်းမကြားရသေးတာလည်း ဖြစ်နိုင်ပါတယ်။ ခေါက်ချိုး iPhone ထွက်လာသည့်တိုင်အောင် သေချာတာတခုကတော့ ပြိုင်ဘက်ကုမ္ပဏီတွေထက် နောက်ကောက်ကျသွားမှာပါ။
ဒါ့အပြင် 5G သုံးနိုင်တဲ့ Android ဖုန်းတွေ ထွက်လာပေမယ့်လည်း Apple ကတော့ 5G iPhone လိုက် ထုတ်ဦးမှာ မဟုတ်ဘူးဆိုတဲ့ ကောလာဟလသတင်းတွေလည်း ကြားနေရပါတယ်။ ၂၀၂၀ ခုနှစ်ကုန်အထိ 5G iPhone မျိုး မြင်တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။
ခေါက်ချိုးဖုန်း မထုတ်နိုင်သေးတာ စိတ်ပူမိတယ်ဆိုပေမယ့် Apple ရဲ့ အနာဂတ်အပေါ်တော့ ယုံကြည် စိတ်ချမှု ရှိတယ်လို့ Woznika က ပြောကြားခဲ့ပါတယ်။ Apple ဟာ အဓိက iPhone ဈေးကွက်အပြင် တခြား ထုတ်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေထံပါ နယ်ပယ်တိုးချဲ့လာနိုင်တာကြောင့် ဖြစ်ပါတယ်။
“iPhone နဲ့ အောင်မြင်မှုတွေ ရခဲ့ပြီးနောက် အချိန်တော်တော်ကြာကြာအထိ iPhone ကပဲ ကုမ္ပဏီရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်နေခဲ့ပါတယ်။ အခုတော့ လုပ်ငန်းနယ်ပယ်တွေ တိုးချဲ့နေပြီ ဖြစ်ကာ လုပ်ငန်း အများစုကလည်း အခြေအနေကောင်းနေပါတယ်” လို့ ဆိုပါတယ်။
Streaming စက်အပိုင်းမှာတော့ Apple TV ထက်စာရင် Roku ကိုပဲ ပိုသဘောကျနေတုန်း ဖြစ်တယ်လို့ Wozniak က ပြောသွားခဲ့ပါတယ်။
Ref: Android Authority, Bloomberg