Light က မှန်ဘီလူး ၁၆ လုံး ပါဝင်တဲ့ ကင်မရာကို စထုတ်ခဲ့တုန်းက အားလုံး အထူးအဆန်း ဖြစ်ခဲ့ကြပါတယ်။ ထုတ်ကုန်ပစ္စည်းတခုတည်းမှာ ကင်မရာ အလုံးရေ ဒီလောက်များများ မလိုဘူးလို့ ဆိုကြသူတွေလည်း ရှိမှာပါ။
ဒါပေမယ့် နောက်ပိုင်း ထွက်ရှိလာတဲ့ စမတ်ဖုန်းတွေမှာ ကင်မရာ အလုံးရေက တဖြည်းဖြည်း ပိုများလာခဲ့ပါတယ်။ မကြာခင်က ထွက်ရှိလာတဲ့ Galaxy S10 5G မှာဆို ကျောကင်မရာတင် လေးလုံး ပါရှိပြီး၊ Nokia 9 PureView ဖုန်းမှာဆို ကျောကင်မရာ ငါးလုံးတိတိ ပါရှိပါတယ်။ ဖုန်းကုမ္ပဏီတွေအနေနဲ့ ကင်မရာ အလုံးရေ ပိုများဖို့ ကြိုးစားလာကြတာ အထင်အရှားပါပဲ။
ယခုလည်း Light က Xiaomi၊ Sony တို့နဲ့ ပူးပေါင်းကာ ကင်မရာ အများအပြားပါဝင်တဲ့ ဖုန်းတွေ ထုတ်လုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါကြောင့် မကြာခင် ကင်မရာ ပိုများတဲ့ ဖုန်းတွေကို တွေ့မြင်လာရတော့မှာပါ။
အထူးသဖြင့် Light ဟာ သူ့ရဲ့ ကင်မရာအတွဲလိုက်စနစ်ကို Sony ရဲ့ ပုံရိပ်ဖော်ဆောင်မှုစနစ်မှာ ပေါင်းစပ်ထည့်သွင်းပြီး၊ Apps တွေက ကောင်းမွန်စွာ ပြန်လည် အသုံးချနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ နောက်ထပ်အသစ်ထွက်ရှိမယ့် Sony ဖုန်းတွေမှာ ကင်မရာလေးလုံး ဒါမှမဟုတ် ဒီထက် ပိုများများ တွေ့ရအောင် ကူညီပေးသွားမယ်လို့ Light က ဆိုပါတယ်။
Light နဲ့ Xiaomi ပူးပေါင်းမှုရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ DSLR အရည်အသွေးလောက် ရှိတဲ့ ဓာတ်ပုံတွေကို စမတ်ဖုန်းတွေဆီ ယူဆောင်လာနိုင်ဖို့ ပူးပေါင်းထားတယ်လို့ပဲ အကြမ်းဖျဉ်း ပြောထားပါတယ်။
Light CEO Dave Grannan က Sony ဟာ ပုံရိပ်ဆန်ဆာ (Image Sensor) မှာ ဈေးကွက်ဝေစု အများဆုံး ရရှိထားတဲ့ ကုမ္ပဏီ တခု ဖြစ်တယ်လို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။ Xiaomi ကိုတော့ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာ တီထွင်ဆန်းသစ်မှုအရှိဆုံး ကုမ္ပဏီတခုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ကျောကင်မရာ ငါးလုံးနဲ့ ထွက်ရှိလာတဲ့ Nokia 9 စမတ်ဖုန်းမှာလည်း ကင်မရာ Lens တွေကို Light နဲ့ HMD Global တို့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်အချိန်အတွင်း နာမည်ကြီး ဖုန်းကုမ္ပဏီတွေရဲ့ ဖုန်းမော်ဒယ်အသစ်တွေမှာ Light က အဓိက ပါတနာတဦး ဖြစ်လာမှာပါ။
ကင်မရာ ကောင်းဖို့ဆိုတာကတော့ Hardware အပေါ် မူတည်သလို၊ Software နဲ့လည်း ဆိုင်တာကြောင့် ဘယ်ကုမ္ပဏီက ကင်မရာအကောင်းဆုံး ဖုန်းတွေ ထုတ်နိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref: The Verge