ကလေးသူငယ်တွေ ပါဝင်တဲ့ YouTube ဗီဒီယိုတိုင်းလိုလိုမှာ လာရောက်ကြည့်ရှုသူတွေအနေနဲ့ မှတ်ချက် (Comments) ပေးလို့ရတော့မှာ မဟုတ်ပါဘူး။
ကလေးငယ်တွေအပေါ် ကာမစိတ် ယိမ်းညွှတ်မှုရှိသူ (Pedophiles) တွေက ကလေးတွေ ပါဝင်တဲ့ ဗီဒီယိုတွေမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ မှတ်ချက်တွေ ပေးနေကြတာကို တွေ့ရှိခဲ့ပြီးနောက်မှာ YouTube အနေနဲ့ ဝေဖန်မှုတွေ စတင် ရင်ဆိုင်ခဲ့ရပါတယ်။ ကုန်ပစ္စည်းအမှတ်တံဆိပ်အချို့ကလည်း ကြော်ငြာတွေ ရပ်ဆိုင်းခဲ့ကြတာကြောင့် YouTube ဘက်က အခုလို ကာကွယ်လုပ်ဆောင်ပေးလိုက်တာာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ ပါဝင်တဲ့ ဗီဒီယိုအားလုံးလိုလိုက မှတ်ချက်တွေကို ရှေ့လ အနည်းငယ်အတွင်း စတင် ဖယ်ရှားသွားမှာ ဖြစ်ပြီး၊ နောက်ထပ် ဗီဒီယိုတွေမှာလည်း မှတ်ချက် ထည့်သွင်းခွင့် ရတော့မှာ မဟုတ်ပါဘူး။ ယနေ့က စတင် ဖယ်ရှားနေပြီဖြစ်ကာ၊ ကလေးသူငယ်တွေ ပါဝင်တဲ့ YouTube ဗီဒီယို တော်တေ်ာများများမှာ မှတ်ချက်တွေကို မမြင်ရတော့ပါဘူး။
ကလေးငယ်တွေ ပါဝင်တဲ့ တချို့သော YouTube ချန်နယ် အနည်းအကျဉ်းမှာတော့ မှတ်ချက်ထည့်သွင်းခွင့် ဆက်လက် ခွင့်ပြုထားဖို့ ရှိပါတယ်။ ဒါလည်း ချန်နယ် တချို့တလေကိုပဲ ရွေးချယ် ခွင့်ပြုမှာ ဖြစ်သလို၊ အဆိုပါ ချန်နယ်တွေအနေနဲ့ သူတို့ ဗီဒီယိုအောက်က မှတ်ချက်တွေကိုလည်း အမြဲတစေ စောင့်ကြည့်၊ စစ်ဆေးနေရမှာ ဖြစ်ပါတယ်။
“ဒီချန်နယ်တွေအနေနဲ့ ကျနော်တို့ရဲ့ မှတ်ချက်စိစစ်ထိန်းချုပ်မှု Tools တွေ သုံးရုံတင်မက၊ သူတို့ဆီလာတဲ့ မှတ်ချက်တိုင်းကိုလည်း အချိန်တိုင်း စောင့်ကြည့်ထိန်းသိမ်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ အပြုအမူတွေ ဖြစ်ပေါ်မှု နည်းပါးကြောင်း ပြသရမှာ ဖြစ်ပါတယ်” လို့ YouTube ဘလော့ဂ်ပို့စ်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် YouTube အနေနဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ မှတ်ချက်တွေကို ပိုမိုကောင်းမွန်စွာ အလိုအလျောက် သိရှိ၊ ဖယ်ရှားနိုင်တဲ့ အယ်ဂရစ်သမ်ကိုလည်း ထုတ်ပေးပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကလေးသူငယ်တွေအပေါ် ရုန့်ရင်းကြမ်းတမ်းတဲ့ မှတ်ချက်တွေ ပါဝင်တဲ့ ဗီဒီယိုတွေမှာ ကြော်ငြာတွေ ပြနေကြောင်း တွေ့ရှိခဲ့ပြီးနောက်မှာ Disney, Nestle, AT&T နဲ့ Epics Games စတဲ့ ကော်ပိုရေးရှင်းကြီးတွေက YouTube မှာ ကြော်ငြာမှု ရပ်ဆိုင်းခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ ပြန်လည် ကြော်ငြာနေပြီလား ဒါမှမဟုတ် ပြန်ကြော်ငြာဖို့ အစီအစဉ်ရှိလားဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။
ဝေဖန်မှုတွေအပေါ် ကနဦးတုံ့ပြန်မှုအနေနဲ့ ကလေးသူငယ်တွေ ပါဝင်တဲ့ ဗီဒီယိုတွေမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ မှတ်ချက် သန်းပေါင်းများစွာနဲ့ သက်ဆိုင်တဲ့ ချန်နယ်ပေါင်း ၄၀၀ ကျော်ကို ဖယ်ရှားပစ်ခဲ့ကြောင်း YouTube က လွန်ခဲ့တဲ့ တပတ်မှာ ကြေငြာခဲ့ပါတယ်။
မှတ်ချက်ပေးမှုဆိုင်ရာ မူဝါဒပြောင်းလဲမှုတွေက ဗီဒီယိုဖန်တီးသူတွေရဲ့ ကြော်ငြာထည့်သွင်းနိုင်မှု အပေါ်ကိုတော့ ထိခိုက်မှု ရှိမှာမဟုတ်ကြောင်းလည်း YouTube က ဘလောဂ့်ပို့စ်မှာ ရှင်းပြထားပါတယ်။
Ref: The Verge, Google Blog