ဂျပန်နိုင်ငံ၊ တိုကျိုမြို့က ရှေးဟောင်းဘုရားကျောင်းတခုဟာ ဗုဒ္ဓတရားတော်တွေ ဟောကြားပေးဖို့အတွက် ပေါင် ၇ သိန်းတန်ဖိုးရှိ စက်ရုပ်တရုပ်ကို ငှားရမ်းလိုက်ပါတယ်။
ကွမ်ရင်မယ်တော်ကို ဂျပန်မှာ ခေါ်တဲ့ နာမည်အတိုင်း Kannon လို့ အမည်ပေးထားတဲ့ စက်ရုပ်ဟာ လူငယ်တွေကို ဘုရားကျောင်းဆီ ဆွဲဆောင်ဖို့အတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
၁၆၁၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ နှစ် ၄၀၀ ကျော် သက်တမ်းရှိ Kodaiji ဘုရားကျောင်းမှာ တရားဟော စက်ရုပ်ဟာ ပထမဆုံး တရားဒေသနာတော်ကို လွန်ခဲ့တဲ့ စနေနေ့က စတင် ရွတ်ဖတ်ဟောကြားခဲ့ပါတယ်။
ယခုစက်ရုပ်ကို Kodaiji ဇန်ဘုရားကျောင်းနဲ့ Osaka တက္ကသိုလ်က အဆင့်မြင့်စက်ရုပ်နည်းပညာ ပါမောက္ခ Hiroshi Ishiguro တို့က ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Kannon စက်ရုပ်ရဲ့ ဦးခေါင်း၊ လည်ပင်း၊ ပခုံးနဲ့ လက်နှစ်ဖက်တို့ကိုပဲ အရေပြားပုံစံ ဆီလီကွန်အသားနဲ့ ဖုံးအုပ်ထားပါတယ်။ ကျန်နေရာတွေမှာတော့ သတ္တုနဲ့ စက်အစိတ်အပိုင်းတွေကို ထင်ထင်ရှားရှား တွေ့မြင်ရမှာပါ။
Kannon စက်ရုပ်ဟာ အမြင့် ၆ ပေ ၅ လက်မခန့် ရှိပြီး၊ အလေးချိန် ၁၃၂ ပေါင် ရှိပါတယ်။ စက်ရုပ်ရဲ့ ညာဖက်မျက်စိမှာ ဗီဒီယိုကင်မရာတလုံး တပ်ဆင်ထားပြီး တရားနာပရိတ်သတ်နဲ့ မျက်လုံးချင်း ဆုံကြည့်နေသယောင် လှုပ်ရှားမှု ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပေါ်ဘက်၊ လက်မောင်း၊ လက်ချောင်းနဲ့ ဦးခေါင်းတို့ကို တရားဟောကြား နေစဉ်အတွင်းမှာ လှုပ်ရှားမှု ပြုလုပ်နိုင်မှာပါ။
မတ်လ ၈ ရက်နေ့ကနေ စတင်ပြီး မေလ ၆ ရက်နေ့အထိ အများပြည်သူကို တရားဟော ပို့ချသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဟဒယသုတ္တန် (Heart Sutras) ကို ဂျပန်ဘာသာဖြင့် ရွတ်ဖတ်ဟောကြားသွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေအတွက်ကတော့ အင်္ဂလိပ်နဲ့ တရုတ်ဘာသာစကားသို့ ပြန်ဆိုထားတဲ့ တရားတော်တွေကို စက်ရုပ်နောက်က Screen မှာ ဖော်ပြပေးသွားမှာပါ။
“ယနေ့ခေတ် လူတွေရဲ့ နှလုံးသားထဲကို ဗုဒ္ဓတရားတော်တွေ ရောက်ရှိစေဖို့အတွက် Android Kannon စက်ရုပ်က ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ စက်ရုပ်ကို လူအများအပြား လာရောက် ကြည့်ရှုစေချင်ပြီး၊ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို ဆင်ခြင်တွေးတောမိစေလိုပါတယ်” လို့ စက်ရုပ်ကို တီထွင်ခဲ့တဲ့ ပါမောက္ခ Ishiguro က ပြောကြားခဲ့ပါတယ်။
Ref: DailyMail, Buddhist Door