Vivo ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ iQOO စမတ်ဖုန်း တရားဝင် ထွက်ရှိလာပါပြီ။ ဒီဖုန်းဟာ Vivo ရဲ့ ပထမဆုံး Gaming စမတ်ဖုန်းဖြစ်သလို၊ Vivo အမှတ်တံဆိပ်ခွဲတခုဖြစ်တဲ့ iQOO ရဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်ပါတယ်။
“Monster Inside” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ အကောင်းဆုံး Hardware တွေကိုပဲ iQOO ဖုန်းမှာ အသုံးပြုပေး ထားပါတယ်။ လက်ရှိ အကောင်းဆုံး Mobile Chipset ဖြစ်တဲ့ Snapdragon 855၊ 12GB RAM နဲ့ 256GB Storage တို့ ပါဝင်ပြီး၊ ကျောကင်မရာသုံးလုံးလည်း ပါဝင်ပါတယ်။ ဒီဇိုင်းက Vivo V11 Pro နဲ့ အနည်းငယ် ဆင်တူပါတယ်။
၆.၄၁ လက်မ အရွယ် Full HD+ (1080×2340 pixels) အရည်အသွေးရှိ AMOLED Display ကို အသုံးပြုပေးထားပြီး၊ ရေစက်ပုံစံ Notch နဲ့ ဖြစ်ပါတယ်။ လက်ဗွေရာဆန်ဆာကိုတော့ Display အောက်မှာ တွေ့မြင်ရမှာပါ။
iQOO ဖုန်းမှာ ဖုန်းအား ၅၀ ရာခိုင်နှုန်းကို ၁၅ မိနစ်အတွင်း သွင်းပေးနိုင်တဲ့ 44W Super Flash Charge အားအမြန်သွင်းစနစ် ပါဝင်ပါတယ်။ 4,000mAh ဘက်ထရီကို ၄၅ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်မှာပါ။ ဈေးအသက်သာဆုံးဖြစ်တဲ့ 6GB/128GB ဗားရှင်းမှာတော့ 22.5W အားအမြန်သွင်းစနစ်ပဲ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
Mobile ဂိမ်းဆော့သူတွေအတွက် အဓိက ပစ်မှတ်ထားရောင်းချတဲ့ဖုန်းဖြစ်တာကြောင့် “Super liquid cooling” ဆိုတဲ့ အအေးပေးစနစ်လည်း ပါဝင်လာပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်အလုံးစုံကို အသုံးပြုသူ စိတ်ကြိုက် ရွေးချယ်မြှင့် တင်နိုင်မယ့် Multi-Turbo လုပ်ဆောင်ချက်ကိုလည်း Gamer တွေအတွက် ထည့်သွင်းပေးထားပါတယ်။
App တွေ ပွင့်လာတဲ့အချိန်ကို ၃၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စေသလို၊ ဂိမ်းတွင်း ဖရိန်ပြနိုင်မှုနှုန်း (Frame Rate) ကိုလည်း ၇၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်မယ်လို့ ဆိုထားပါတယ်။ ဂိမ်းဆော့နေရင်း ကွန်ရက်အထစ်အငေါ့ မရှိစေဖို့အတွက် Wi-Fi နဲ့ 4G ကိုလည်း အလိုအလျောက် ပြောင်းပေးနိုင်မှာပါ။
Gaming စွမ်းဆောင်ရည်ပိုင်း ဦးစားပေးထားပေမယ့် ကင်မရာကလည်း အရည်အသွေးမနိမ့်ပါဘူး။ Sony IMX23 ဆန်ဆာအသုံးပြုထားတဲ့ 13-megapixel မြင်ကွင်းကျယ်ကင်မရာတလုံး၊ Vivo ရဲ့ Dual-pixel နည်းပညာအသုံးပြုထားတဲ့ 12MP အဓိက ကင်မရာတလုံး၊ 2MP Depth ဆန်ဆာတလုံး စုစုပေါင်း ကျောကင်မရာ သုံးလုံးအထိ ပါဝင်မှာပါ။ Selfie အတွက်တော့ 12-megapixel ကင်မရာတလုံးကို သုံးပေးထားပါတယ်။
Vivo iQOO ဖုန်းကို Electric Blue နဲ့ Lava Orange အရောင်နှစ်မျိုး ထုတ်သွားမှာ ဖြစ်ကာ ဈေးနှုန်းတွေကတော့ 6GB/128GB ဗားရှင်းကို ဒေါ်လာ ၄၅၀၊ 8GB/128GB ကို ဒေါ်လာ ၄၉၀ နဲ့ 8GB/256GB ကို ၅၃၀ ဒေါ်လာ ရှိပါတယ်။
ကျောဘက်ကိုယ်ထည်ကို ကာဗွန်ဖိုင်ဘာနဲ့ ပြုလုပ်ထားပြီး၊ မှန်သားအုပ်ပေးထားတဲ့ 12GB/256GB အမြင့်ဆုံးမော်ဒယ်ကို လိုချင်ရင်တော့ ဒေါ်လာ ၆၄၀ အထိ ပေးရမှာပါ။ မတ်လ ၆ ရက်နေ့မှာ Vivo အွန်လိုင်းစတိုးကနေ တရုတ်နိုင်ငံတွင်း စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဝယ်ယူချင်သူတွေအနေနဲ့ ကြိုတင်စာရင်းပေး မှာယူထားနိုင်ပါပြီ။
Ref: GSM Arena, Gadgets 360