Apple ရဲ့ နှစ်စဉ် ကျင်းပပြုလုပ်နေကြ ရင်းနှီးမြှပ်နှံသူများ အစည်းအဝေး ကို မတ်လ ၁ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်ရှိ Apple Park ရုံးချုပ်မှာ ကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။
အဆိုပါ အစည်းအဝေးမှာ Apple CEO Tim Cook က ကုမ္ပဏီရဲ့ လက်ရှိအခြေအနေနဲ့ လားရာလမ်းကြောင်းတို့အပေါ် ယုံကြည်ချက်အပြည့်ရှိကြောင်း ရင်းနှီးမြှပ်နှံသူတွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အားလုံး အံ့အားသင့်စေမယ့် ထုတ်ကုန်အသစ်တွေကိုလည်း စွန့်စား လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ထုတ် Retina MacBook Air Laptop တွေရဲ့ ဈေးနှုန်းကို ယခု ဒေါ်လာ ၁,၂၀၀ ဈေးကနေ လျော့ချနိုင်ဖို့ကလည်း Apple ရဲ့ ရည်မှန်းချက်ပန်းတိုင်တခု ဖြစ်တယ်လို့ ဆိုပါတယ်။
Apple Wach နဲ့ AirPods တွေနဲ့ စပ်လျဉ်းပြီး၍တော့ အနာဂတ်အတွက် ကြီးမားတဲ့ အစီအစဉ်တွေ ရှိကြောင်းနဲ့ အမိုက်စား ထုတ်ကုန်တွေ လာဖို့ ရှိကြောင်းပဲ ပြောခဲ့ပါတယ်။
ထုတ်ကုန်အသစ်တွေနဲ့ ပတ်သတ်ပြီး သိုသိုသိပ်သိပ်နေလေ့ရှိတဲ့ Apple အတွက် အခုလို အရိပ်အမြွက် ပြောကြားတာကပဲ ထူးဆန်းတယ်လို့ ပြောရမှာပါ။ ကောလာဟလတွေမှာလည်း မကြာမီအချိန်အတွင်း AirPods အရောင်သစ်တွေကို မြင်တွေ့ရဖို့ ရှိတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် AirPods နားကြပ်တွေမှာ “Hey Siri” လုပ်ဆောင်ချက် လည်း ပါဝင်လာမှာဖြစ်သလို၊ ကြိုးမဲ့အားသွင်းနိုင်စွမ်းလည်း ပါမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ Tim Cook စကားကြောင့် ဒီကောလာဟလတွေက ပိုမိုခိုင်မာသွားပါပြီ။
Apple ဟာ မိုဘိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေသာမက၊ Augmented Reality ( ပေါင်းစပ်ပကတိ) နည်းပညာသုံး မျက်မှန်တွေကိုလည်း ထုတ်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် မောင်းသူမဲ့ ကားတစီးကိုလည်း ထုတ်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီ ထုတ်ကုန်တွေ အမှန်တကယ် ထွက်ရှိလာရင်တော့ Apple ပရိတ်သတ်တွေ တကယ့်ကို ပါးစပ်အဟောင်းသား ဖြစ်ကြမှာပါ။
ဝန်ဆောင်မှုအပိုင်းမှာတော့ ၂၀၁၆ ခုနှစ်က ချမှတ်ထားတဲ့ ၂၀၂၀ အမီ ဝင်ငွေ ဒေါ်လာ ၂၅ ဘီလျံ ရရှိရေး ရည်မှန်းချက်တွေကို ပြည့်မီဖို့ အခြေအနေကောင်းနေပြီလို့ Cook က ဆိုပါတယ်။ ယခုလကုန်လောက်မှာလည်း Apple က ဝန်ဆောင်မှု အသစ်နှစ်မျိုးကို မိတ်ဆက်သွားဖို့ ရှိပါတယ်။
တခုကတော့ အချိန်ကြာရှည်စွာ သတင်းတွေ ထွက်နေတဲ့ Apple ရဲ့ Streaming TV ဝန်ဆောင်မှုပါ။ Netflix, Amazon Prime စတာတွေနဲ့ ယှဉ်ပြိုင်မယ့် ရုပ်သံလိုင်းဝန်ဆောင်မှု ဖြစ်ပါတယ်။ Apple ကိုယ်တိုင် ဦးစီး ရိုက်ကူး၊ထုတ်လုပ်ထားတဲ့ တီဗီစီးရီးတွေလည်း ပါဝင်လာမှာပါ။ နောက် ဝန်ဆောင်မှုအသစ်တမျိုးကတော့ သတင်းဝန်ဆောင်မှု Apple News ဖြစ်ပါတယ်။ လစဉ်ကြေးပေးသွင်းရုံနဲ့ အခပေး သတင်းမီဒီယာတွေနဲ့ မဂ္ဂဇင်းတွေကို ရယူ ဖတ်ရှုနိုင်မှာပါ။
အသုံးပြုသူအချက်အလက်တွေ အသုံးချမှုနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ Facebook၊ Google တို့လို နည်းပညာကုမ္ပဏီတွေကိုလည်း စည်းကမ်းကြပ်မတ်မှုတွေ လုပ်ဖို့ Apple က တွန်းအားပေးလုပ်ဆောင်နေတယ်လို့ Cook က ပြောကြားခဲ့ပါတယ်။
Cook ဟာ အောက်တိုဘာလတုန်းကလည်း ပြည်သူတွေကို အချက်အလက်ကောက်ယူသိမ်းဆည်းမှုတွေထံကနေ အကာအကွယ်ပေးဖို့အတွက် ဥပဒေသစ်တွေ ချမှတ်ဖို့ အစိုးရကို တောင်းဆိုခဲ့ဖူးပါတယ်။ Apple ဟာ အသုံးပြုသူ အချက်အလက်ထိန်းသိမ်းမှုကို အမြဲလိုလားထောက်ခံခဲ့တဲ့ ကုမ္ပဏီတခုအဖြစ်လည်း လူသိများပါတယ်။
Ref: Mac Rumors