ခေါက်ချိုးဖုန်းတွေ ထွက်လာတာနဲ့ အတူ အဆိုပါဖုန်းတွေမှာ အသုံးပြုထားတဲ့ Display အပျော့တွေကို ကာကွယ်ပေးဖို့အတွက် မှန်သားအပျော့တွေလည်း လိုအပ်လာပါပြီ။ ဒီအတွက် စမတ်ဖုန်းတွေအတွက် အကြမ်းခံ Gorilla Glass မှန်သားတွေကို ထုတ်လုပ်ပေးနေတဲ့ Corning က ချိုးကွေးနိုင်တဲ့ မှန်သားတမျိုးကို ဖန်တီးပေးနေတယ်လို့ သိရပါတယ်။ လာမယ့် ၂ နှစ် မတိုင်မီ ဈေးကွက်တွင်း ရောက်လာဖို့ ရှိပါတယ်။
Display ကို ကာကွယ်ဖို့အတွက် လုံလောက်တဲ့ ခံနိုင်စွမ်းရည် ရှိသလို၊ ချိုးကွေးနိုင်ဖို့အတွက်လည်း မှန်သားကို ပါးလျအောင် လုပ်ရတာက စိန်ခေါ်မှုတခု ဖြစ်တယ်လို့ Corning ရဲ့ အထွေထွေမန်နေဂျာ John Bayne က ပြောကြားခဲ့ပါတယ်။
Apple ကလည်း Corning ကုမ္ပဏီရဲ့ သုတေသနလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရင်းနှီးငွေနဲ့ အဆင့်မြင့် ဖန်သားထုတ်လုပ်မှုတွေကို ကူညီဖို့အတွက် ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံထားပါတယ်။
လောလောဆယ်မှာ ခေါက်ချိုး iPhone မရှိသေးပေမယ့် မကြာခင်က ထွက်ပေါ်လာတဲ့ မူပိုင်ခွင့်တွေအရ Apple လည်း ခေါက်ချိုးဖုန်းထုတ်ဖို့ ပြင်ဆင်နေပုံ ပေါ်ပါတယ်။ မနှစ်က ထွက်ရှိခဲ့တဲ့ သတင်းမှာလည်း နောက်ထပ် ၂ နှစ်လောက်နေမှ Apple က ခေါက်ချိုးဖုန်း ထုတ်မယ်လို့ ဆိုထားတာကြောင့် Gorilla Glass အပျော့ ထွက်ရှိမယ့်အချိန်နဲ့ တိုက်ဆိုင်နေတာ သတိထားမိမှာပါ။
လက်ရှိ ထွက်ရှိထားတဲ့ Samsung Galaxy Fold နဲ့ Huawei Mate X တို့မှာ အရင် သုံးနေကျ Gorilla Glass အစား ပလတ်စတစ် Screen တွေကို ပြောင်းလဲ အသုံးပြုထားပါတယ်။ ကွေးနိုင်တဲ့ Gorilla Glass မရှိသေးတာကြောင့်ပါ။ Mate X ရဲ့ Screen ဟာ ဖန်သား Screen နီးပါး ပွတ်တိုက်ခံနိုင်မှုနဲ့ ထိတွေ့မှုကို တုံ့ပြန် နိုင်စွမ်း ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ပွတ်ရာစင်းရာတွေအပေါ် ခံနိုင်ရည်ကိုတော့ စမ်းသပ်ရခြင်း မရှိသေးပါဘူး။
၀ ဒဿမ ၁ မီလီမီတာသာ အထူရှိပြီး၊ ကွေးနိုင်စွမ်း အချင်းဝက် ၃ မီလီမီတာကနေ ၅ မီလီမီတာ အထိရှိတဲ့ မှန်သားမျိုး ထုတ်လုပ်နိုင်ဖို့ ပစ်မှတ်ထား ဆောင်ရွက်နေတယ်လို့ Bayne က မှတ်ချက်ပြု ပြောကြားပါတယ်။ ဒါဆိုရင်တော့ အပြင်ဘက်မှာ Screen ကွေးအုပ်ထားနိုင်မယ့် ခေါက်ချိုးဖုန်းမျိုးကို အထူ ၆ မီလီမီတာ ကနေ ၁၀ မီလီမီတာလောက်နဲ့ ထုတ်လာနိုင်မှာပါ။ Samsung Galaxy Fold က ပိတ်ထားချိန်မှာ ၁၇ မီလီမီတာ ရှိပြီး၊ Huawei Mate X ကတော့ ၁၁ မီလီမီတာ ရှိပါတယ်။
“မှန်သား ထုတ်လုပ်ရာမှာ ရူပဒေဗနိယာမတွေကို စိန်ခေါ်ရပါတယ်။ ကျဉ်းနိုင်သလောက် ကျဉ်းအောင် ကွေးနိုင်ဖို့အတွက် ပါးနိုင်သမျှ ပါးအောင် လုပ်ရမှာပါ။ ဒါပေမယ့် ပြုတ်ကျမှုတွေနဲ့ ထိခိုက်ပွန်းပဲ့မှုတွေကိုလည်း ခံနိုင်ရည် ရှိဖို့ လိုအပ်ပါသေးတယ်။ ကျနော်တို့ ရင်ဆိုင်ရတဲ့ နည်းပညာ အခက်အခဲကတော့ ၃ မီလီမီတာကနေ ၅ မီလီမီတာလောက်အထိ ကွေးနိုင်စွမ်း အချင်းဝက် ရှိအောင် လုပ်ရသလို မှန်သားရဲ့ ထိခိုက်မှုခံနိုင်ရည်ကိုလည်း ပိုမို ကောင်းမွန်လာအောင် လုပ်ရတာပါ” လို့ Bayne က ပြောပါတယ်။
Corning ဟာ စာရွက်တရွက်လို လိပ်သိမ်းနိုင်တဲ့ Willow Glass အမည်ရ မှန်သားမျိုး ထုတ်လုပ်နိုင်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ မှန်သားထုတ်လုပ်မှုမှာ ဆားပျော်ရည်ထဲ စိမ်ဖို့ လိုတာကြောင့် ဖုန်းတွေမှာ သုံးဖို့ မဖြစ်နိုင်တော့တာပါ။ အကယ်၍ Display အတွက် မှန်သားထုတ်မယ်ဆိုရင် အတွင်းမှာ ထရန်စစ္စတာတွေ လိုအပ်တဲ့အတွက်ကြောင့် ဆားက တိုက်စားမှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါက်ချိုးဖုန်းတွေအတွက် သီးသန့် Gorilla Glass မျိုးကို ဖန်တီးနေတာ ဖြစ်ပါတယ်။
Ref: The Verge