ZTE ဟာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတုန်းက ကမ္ဘာ့ပထမဆုံး ခေါက်ချိုးဖုန်းလို့ ကင်ပွန်းတပ်ထားတဲ့ Axon M စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ Axon M က ခေါက်ချိုးဖုန်း တလုံး မဟုတ်ပါဘူး။ ခေါက်ချိုးနိုင်တဲ့ Display ပါဝင်ခြင်း မရှိဘဲ Screen နှစ်ခု သက်သက်သာ ပါဝင်တဲ့ဖုန်း ဖြစ်ပါတယ်။
အခု အခါမှာတော့ ZTE က တကယ့် ခေါက်ချိုးဖုန်းအစစ်တလုံး ထုတ်ဖို့ ပြင်ဆင်နေပါပြီ။ ဟိုးအရင် ခေါက်ဖုန်းတွေ ပုံစံအတိုင်း ဒေါင်လိုက်ချိုးချနိုင်တဲ့ မျက်နှာပြင်တခုပါ ဖုန်းဒီဇိုင်းတမျိုးကို ZTE က မူပိုင်ခွင့်တင်ထားတာကို LetsGoDigital က တွေ့ရှိခဲ့တာပါ။ အဆိုပါ မူပိုင်ခွင့်ဒီဇိုင်းတွေကို LetsGoDigital က 3D ဒီဇိုင်း ပြန်ဖော်ပေးထားပါတယ်။
ZTE ဟာ ယခုဖုန်း မူပိုင်ခွင့်ကို ကမ္ဘာ့ဉာဏမူပိုင်ခွင့်ရုံး (World Intellectual Property Office) မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလက တင်သွင်းခဲ့တာဖြစ်ပြီး ယခုနှစ် မတ်လ ၅ ရက်နေ့မှာ မူပိုင်ခွင့်ကျခဲ့တာ ဖြစ်ပါတယ်။

ZTE ရဲ့ ခေါက်ချိုးဖုန်းဟာ Samsung နဲ့ Huawei တို့ရဲ့ ခေါက်ချိုးဖုန်းတွေနဲ့ တော်တော် ခြားနားတာကို တွေ့မြင်ရပါတယ်။ ခုံးကောင်အခွံလိုမျိုး အဖွင့်အပိတ် လုပ်နိုင်တဲ့ ဒီဇိုင်းပြုလုပ်ထားပြီး ဖုန်းမျက်နှာပြင်ကို ဒေါင်လိုက် ချိုးချနိုင်မှာပါ။ ဒါ့အပြင် အပေါ်ဘက်အပိုင်းက ချိုးချလိုက်တဲ့အခါ အောက်ဘက်ထက် တိုနေပြီး၊ ဖုန်းအောက်ဘက်မှာ မျက်နှာပြင်နေရာလွတ် ထွက်နေဦးမှာပါ။ အဆိုပါ နေရာလွတ်မှာ ဖုန်းအဝင်ခေါ်ဆိုမှု၊ မက်ဆေ့ချ် စတဲ့ အရေးကြီး သတင်းအချက်အလက်တွေကို ဖော်ပြနိုင်မယ်လို့ ယူဆရပါတယ်။
ZTE ခေါက်ချိုးဖုန်းရဲ့ နောက်ဘက်ကလည်း မြင်တွေ့နေကြ ပုံစံမျိုး မဟုတ်ပါဘူး။ ဖုန်းကိုယ်ထည် အောက်ဘက်အခြမ်းမှာ ကျောကင်မရာနှစ်လုံးနဲ့ LED မီးတို့ကို တွေ့မြင်ရပြီး အပေါ်ဘက်မှာတော့ ရည်ရွယ်ချက်မသိရသေးတဲ့ စက်ဝိုင်းပုံစံ အပေါက်လေးတွေကို တွေ့မြင်ရပါတယ်။
ဖုန်းမျက်နှာပြင် အရှေ့မှာလည်း ရှေ့ကင်မရာ ထည့်သွင်းထားတာကို မတွေ့ရပါဘူး။ ဖုန်းအောက်ဘက်မှာတော့ စပီကာအပေါက်တွေနဲ့ USB-C အပေါက်တခု ပါဝင်ပါတယ်။ ဖုန်းရဲ့ အပေါ်ဘက်အခြမ်းက အောက်ဘက်ထက် သိသိသာသာ ပါးနေတာကြောင့် လိုအပ်တဲ့ ဘက်ထရီနဲ့ Chipset တို့ကို အောက်ဘက်မှာပဲ ထားမယ့်ပုံ ပေးပါတယ်။
Motorola ကလည်း ZTE နည်းတူ ခေါက်ဖုန်းပုံစံ ဒေါက်လိုက်ချိုးချုနိုင်တဲ့ RAZR ခေါက်ချိုးဖုန်းတမျိုးကို မူပိုင်ခွင့် တင်ထားပါသေးတယ်။ ခေါက်ချိုးဖုန်းတွေ တရားဝင် ထွက်ရှိလာတာနဲ့အတူ ၂၀၁၉ ခုနှစ်အတွင်းမှာ ထူးခြားတဲ့ ခေါက်ချိုးဖုန်းဒီဇိုင်းအမျိုးမျိုးကို ထပ်မံ တွေ့မြင်ရဖို့ ရှိပါတယ်။
Ref: Gizmo China