Samsung နဲ့ ဒီဂျစ်တယ် သီချင်း Streaming ဝန်ဆောင်မှု Spotify တို့ အကျိုးတူပူးပေါင်းမှု အစီအစဉ်ကို ထပ်မံ တိုးချဲ့လိုက်ကြောင်း ကြေညာချက်တခုကို ယနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကုမ္ပဏီနှစ်ခု အကျိုးတူပူးပေါင်းမှု အစီအစဉ်သစ်အဖြစ် တကမ္ဘာလုံးက Samsung Galaxy ဖုန်းအသစ်တွေမှာ Spotify App တပါတည်း ပါဝင်လာမှာ ဖြစ်သလို နောက်ဆုံးထုတ် Galaxy S10 စီးရီး ဖုန်းဝယ်ယူသူတွေကိုလည်း လစဉ်ကြေး ပေးသွင်းရတဲ့ Spotify Premium ဝန်ဆောင်မှုကို ၆ လတိတိ အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက Galaxy S10, S10+, S10e နဲ့ S10 5G ဖုန်း ဝယ်ယူသူတွေအနေနဲ့ Spotify App ထဲမှာ Premium ဝန်ဆောင်မှု ရယူနိုင်တဲ့ ကုဒ်တခု ပါဝင်လာမှာပါ။
လောလောဆယ်တော့ အမေရိကန်ပြည်ထောင်စုအတွင်းက ဝယ်ယူသူတွေပဲ ရရှိသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေမှာလည်း ပေးအပ်သွားနိုင်ခြေ ရှိပါတယ်။ ဒါ့အပြင် Galaxy S10 စီးရီးသာမက Galaxy Fold နဲ့ Galaxy A စီးရီး ဖုန်းတွေမှာလည်း Spotify Premium ရရှိနိုင်ခြေ ရှိတယ်လို့ Variety သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
Spotify Premium ၆ လ ရမယ် ဆိုပေမယ့် ကန့်သတ်ချက်လေးတွေတော့ ရှိပါတယ်။ ယခုမှ Spotify အသုံးပြုသူအသစ်တွေကိုပဲ Premium ၆ လ ပေးအပ်သွားမှာ ဖြစ်ပြီး လက်ရှိ Premium ဝန်ဆောင်မှု ယူထားသူ (သို့မဟုတ်) အရင်က Spotify ကို အခမဲ့ စမ်းသုံးကြည့်ခဲ့ဖူးသူတွေကတော့ ရမှာ မဟုတ်ပါဘူး။
Galaxy Home စပီကာအသစ်မှာ အဓိက သီချင်းဝန်ဆောင်မှုအဖြစ် Spotify ပါဝင်လာမှာ ဖြစ်ကြောင်း ကြေညာချက်နဲ့ အတူ Samsung နဲ့ Spotify တို့ဟာ လွန်ခဲ့တဲ့နှစ်၊ သြဂုတ်လမှာ စတင် လက်တွဲခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Samsung ဖုန်းတွေရဲ့ Bixby assistant မှာလည်း Spotify ကို ပေါင်းစည်း ထည့်သွင်းမှုတွေ ပြုလုပ်ခဲ့ပြီး၊ Bixby Home Screen မှာ Spotify ရဲ့ Recommendation တွေကိုပါ ဖော်ပြပေးခဲ့ပါတယ်။
“ကျနော်တို့ ပစ္စည်း ဝယ်ယူသုံးစွဲသူတွေ အတွက် အကောင်းဆုံး မိုဘိုင်း အသုံးပြုမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့က ကျနော်တို့ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒီ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဖို့အတွက် Spotify က အသင့်တော်ဆုံး ဂီတပိုင်းဆိုင်ရာ မိတ်ဆက် ကုမ္ပဏီ တခု ဖြစ်ပါတယ်” လို့ Samsung Electronics America ရဲ့ ဒု-ဥက္ကဋ္ဌ Patricio Paucar က ဆိုပါတယ်။
“လူကြိုက်များနေတဲ့ နောက်ဆုံး သီချင်းအယ်ဘမ်တွေကို နားထောင်ဖို့၊ အကြိုက်ဆုံး သီချင်းတွေကို နားထောင်ဖို့အတွက် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Galaxy S10 အသုံးပြုသူတွေကို Spotify Premium ၆ လ ပေးအပ်သွားမှာ ဖြစ်ပါတယ်”လို့ Patricio Paucar က ပြောပါတယ်။
Samsung ဟာ Spotify အပြင် YouTube နဲ့ ပူးပေါင်းပြီးလည်း Galaxy S10 ဝယ်ယူသူတွေကို YouTube Premium ကို ၄ လ တိတိ အခမဲ့ ပေးသွားမှာလည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တလကို ၁၁ ဒဿမ ၉၉ ဒေါ်လာ ကျသင့်မယ့် YouTube Premium မှာ ကြော်ငြာလုံးဝ မပါဝင်ဘဲ ကြည့်ရှုနိုင်သလို Offline ပြန်ဖွင့်နိုင်မှု၊ Background ကနေ ဖွင့်ထားနိုင်မှု နဲ့ YouTube Music အသုံးပြုနိုင်မှုတို့ ပါဝင်ပါတယ်။
YouTube Premium ၄ လ အခမဲ့ အသုံးပြုခွင့်ကိုတော့ နိုင်ငံပေါင်း ၃၀ ကျော်က Galaxy S10, Galaxy Fold နဲ့ Galaxy Tab S5e ဝယ်ယူသူတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Ref: Variety, Engadget