စက်ရုပ်တွေနဲ့ ကုန်ပစ္စည်း ပို့ဆောင်မှုကို ကုမ္ပဏီ အသေးလေးတွေ သာမက Amazon လို ကုမ္ပဏီကြီးတွေပါ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ ယခုအခါ ချောပို့ ကုမ္ပဏီတခုဖြစ်တဲ့ FedEx ကလည်း နေ့ချင်းရောက် ပစ္စည်း ပို့ဆောင်မှုတွေမှာ စက်ရုပ်တွေကို အသုံးပြုတော့မှာဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။
FedEx ရဲ့ အလိုအလျောက် ပစ္စည်းပို့ စက်ရုပ်ကို “SameDay Bot” လို့ နာမည်ပေးထားပြီး ဘက်ထရီစွမ်းအင်သုံး စက်ရုပ်ဖြစ်ပါတယ်။ အမြန်ဆုံး တနာရီ ၁၀ မိုင်နှုန်းအထိ သွားလာနိုင်မှာပါ။ မောင်းသူမဲ့ကားတွေမှာ အသုံးပြုထားတဲ့ LIDAR ဆန်ဆာကိရိယာတွေနဲ့ ကင်မရာတွေကို ပေါင်းစပ် တပ်ဆင်ထားပြီး လမ်းသွားလမ်းလာတွေနဲ့ ယာဉ်အသွားအလာတွေကို အလိုအလျောက် ရှောင်ကွင်း သွားလာနိုင်ပါတယ်။
မညီညာတဲ့ လမ်းနဲ့ ပလက်ဖောင်းတွေမှာလည်း သွားလာနိုင်တဲ့အပြင် လှေကားထစ်တွေကိုပါ တက်နိုင်တဲ့အတွက် အိမ်တံခါးပေါက်ရှေ့ထိ ပစ္စည်း ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
https://www.youtube.com/watch?v=N0rt_HB7vd4
ဘက်ထရီ စွမ်းအင်သုံး စက်ရုပ် ဖြစ်တာကြောင့် ခရီးရှည်တော့ သွားလာနိုင်မှာ မဟုတ်ဘဲ Memphis မြို့က ကုမ္ပဏီ ရုံးချုပ်ဝင်းအတွင်းမှာပဲ စတင် စမ်းသပ် အသုံးပြုသွားမှာပါ။ အကယ်၍ အဆိုပါ စမ်းသပ် အသုံးပြုမှု အောင်မြင်ခဲ့မယ်ဆိုရင် အခြားကုမ္ပဏီတွေနဲ့ လက်လီကုမ္ပဏီတွေကိုပါ ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဈေးဝယ်သူ ၆၀ ရာခိုင်နှုန်း ကျော်လောက်ဟာ အရောင်းကုမ္ပဏီပိုင် စတိုးတည်နေရာရဲ့ ၃ မိုင် ပတ်လည်အတွင်းမှာပဲ နေထိုင်ကြကြောင်းကို လေ့လာတွေ့ရှိခဲ့ပြီးနောက်မှာ အလိုအလျောက် ခရီးတိုပစ္စည်း အမြန်ပို့နိုင်တဲ့ စက်ရုပ်ကို ဖန်တီးခဲ့တာ ဖြစ်တယ်လို့ FedEx က ဆိုပါတယ်။
စက်ရုပ်နဲ့ ပစ္စည်းပို့ဆောင်မှု အသုံးဝင်မှု တန်ဖိုးကို အကဲဖြတ်နိုင်ဖို့အတွက် AutoZone, Lowe’s, Pizza Hut, Target, Walgreens နဲ့ Walmart စတဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းလျက် ရှိတယ်လို့လည်း FedEx က ပြောကြားခဲ့ပါတယ်။
ခရီးတို ပစ္စည်းပို့တဲ့ စက်ရုပ်တွေကို FedEx သာမက ကုမ္ပဏီသစ်တွေနဲ့ ကုမ္ပဏီလုပ်ငန်းကြီးတွေ တော်တော်များများက စမ်းသပ်လျက်ရှိပါတယ်။ လုံခြုံစွာနဲ့ စီးပွားဖြစ် အသုံးပြုနိုင်မယ့် အချိန်ကာလတခုအထိ ရောက်ဖို့ကတော့ စောင့်ရဦးမှာပါ။
Ref: The Verge