Samsung ကနေ အသစ် မိတ်ဆက်လိုက်တဲ့ Galaxy S10 စီးရီးဟာ လက်ရှိ အကောင်းဆုံး Android စမတ်ဖုန်းတွေ ဆိုတာ ငြင်းစရာ မရှိပါဘူး။
Samsung ဟာ Galaxy S10 စီးရီးမှာ ဇီဝအချက်အလက်သုံး လုံခြုံရေးစနစ်အနေနဲ့ နှစ်မျိုး ပါရှိပါတယ်။ တခုက မျက်နှာပြင်အောက် လက်ဗွေရာဖတ်စနစ်ပါ။ Samsung ဖုန်းတွေမှာ ပထမဆုံး ပါလာတာ ဖြစ်ပါတယ်။ ဒုတိယတခုကတော့ ရိုးရိုး မျက်နှာဖတ်တဲ့စနစ် (Face Unlock) ပါ။
ဒါပေမဲ့ Samsung Galaxy S10 မှာ အသုံးပြုထားတဲ့ Face Unlock စနစ်ဟာ လုံခြုံမှုမရှိကြောင်းကို Unbox Therapy က စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ နာမည်ကြီး နည်းပညာ YouTube ချန်နယ်ဖြစ်တဲ့ Unbox Therapy က Lewis Hilsenteger ဟာ တခြားဖုန်းတခုမှာ သူ့မျက်နှာ ပါဝင်တဲ့ ဗီဒီယို ဖွင့်ပြပြီး Galaxy S10 ဖုန်းရဲ့ Face Unlock စနစ်ကို အရူးလုပ်နိုင်ခဲ့ပါတယ်။ အောက်ပါ ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
Unbox Therapy က ဗီဒီယိုဖွင့် Unlock လုပ်ပြခဲ့တဲ့ ဖုန်းမျက်နှာပြင်မှာလည်း လက်ဗွေရာတွေ ထင်ထင်ရှားရှား တွေ့မြင်နေရတာကြောင့် ဒီလောက် လွယ်လွယ် ပွင့်သွားတာက မေးခွန်းထုတ်စရာပါ။
Unbox Therapy နည်းတူ The Verge ရဲ့ Galaxy S10+ Review မှာလည်း Face Unlock စနစ်ကို တခြားဖုန်းမှာ ဗီဒီယိုဖွင့်ပြီး Unlock လုပ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
Unbox Therapy အပြင် အီတလီဘာသာစကားနဲ့ တင်ဆက်တဲ့ SmartWorld ချန်နယ်ကလည်း ရုပ်သေ ပုံတခုကို အသုံးပြုပြီး Galaxy S10 ရဲ့ Face Unlock ကို ဖွင့်ပြခဲ့ပါသေးတယ်။
ဒါတင် မကသေးပါဘူး။ Jane Wong ဆိုသူကလည်း သူမအကို မျက်နှာနဲ့ Face ID ထည့်ထားတဲ့ Galaxy S10+ ဖုန်းကို သူမ မျက်နှာ အသုံးပြုပြီး ဖွင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စဉ်းစားစရာတခုရှိတာကတော့ Galaxy S10 ရဲ့ Face Unlock စနစ်မှာ “Faster Recognition” ကို နဂိုကတည်းက ဖွင့်ထားပြီးသား ဖြစ်နေတာပါ။
ဒီ Option ဟာ Face Unlock စနစ်ကို ပိုမိုမြန်ဆန်စေတယ်ဆိုပေမယ့် လုံခြုံရေးပိုင်း လျော့ကျမှု ဖြစ်စေပါတယ်။ ဒီ Option ကြောင့် ပွင့်သွားခဲ့တယ်လို့ ထင်စရာ ရှိပေမယ့် SmartWorld က စမ်းသပ်သူကတော့ သူ့ဖုန်းမှာ ဒီ Option ကို ပိတ်ပြီး စမ်းသပ်ခဲ့တာ ဖြစ်တယ်လို့ Android Police ကို သတင်းပေးပို့ ထားပါတယ်။
Galaxy S10 အပါအဝင် Android ဖုန်းအများစုမှာ လက်ရှိ အသုံးပြုနေတဲ့ ရိုးရိုး Face Unlock စနစ်ဟာ Apple ရဲ့ 3D Face ID စနစ်လောက်တော့ လုံခြုံမှု မရှိဘူးဆိုတာ မှန်ပါတယ်။ ဖုန်းရဲ့ လုံခြုံရေးစနစ်ကိုယ်တိုင်ကလည်း Face Unlock ဟာ လုံခြုံစိတ်ချရမှု အပြည့်မရှိကြောင်း အသိပေးပြီးသားပါ။ ယခုလို ဖြစ်ရပ်တွေ ရှိနိုင်တယ်လို့ ဆိုထားတော့ အပြစ်တော့မဆိုသာပါဘူး။
ဒါ့အပြင် အရင်ကလည်း OnePlus 6 ဖုန်းရဲ့ Face Unlock ကို ဓာတ်ပုံနဲ့ ဖွင့်ပြခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ ဒါပေမဲ့ အခုလို ဖုန်းစခရင်က ဓာတ်ပုံနဲ့ လွယ်လွယ်ပွင့်တာမျိုးတော့ မဟုတ်ဘဲ မျက်နှာ အရွယ်အစားအတိုင်း ပရင့်ထုတ်၊ တခြားလူတယောက် မျက်နှာရှေ့ ကပ်ပြမှ ပွင့်ခဲ့တာမျိုးပါ။
စာရေးသူလည်း အရင်က OnePlus 5, Vivo V7+ စတဲ့ ဖုန်းမော်ဒယ်အမျိုးမျိုးကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပြပြီး ဖွင့်ခဲ့ဖူးပါတယ်။ မပွင့်ခဲ့ပါဘူး။ Galaxy S10 ကတော့ Screen ပေါ်က ဓာတ်ပုံကိုတောင် မှားဖွင့်မိတယ်ဆိုတော့ အရမ်းလွယ်နေပါတယ်။
ယခု ပြဿနာကို Samsung ဘက်က တုံ့ပြန် ပြောကြားခြင်းတော့ မရှိသေးပါဘူး။ Android ဖုန်းအသုံးပြုသူတွေအနေနဲ့လည်း Face Unlock အစား လုံခြုံစိတ်ချရမှု ပိုမြင့်တဲ့ လက်ဗွေရာစနစ်တွေကိုပဲ အားထား အသုံးပြုကြဖို့ အကြံပေးလိုပါတယ်။
Ref: Android Police