အခုခေတ်မှာ ကလေးငယ်တွေကို မိဘတော်တော်များများက စမတ်ဖုန်းတလုံးနဲ့ ငြိမ်အောင် ထိန်းကျောင်းတဲ့ အပြုအမူမျိုးကို ပြုလုပ်နေကြတာ တွေ့ရများလာပါတယ်။ ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ စမတ်ဖုန်းပေးသုံးခြင်းဟာ ထင်မထားလောက်အောင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တယ်လိ့ု ဆေးပညာရှင်တွေက ဆိုပါတယ်။
ဒါကြောင့်မို့လို့ သင့်ပတ်ဝန်းကျင်နဲ့ မိသားစုတွင်းက ကလေးငယ်တွေကို ဘာကြောင့် စမတ်ဖုန်းတွေ ပေးမသုံးသင့်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။
(၁) စမတ်ဖုန်းတွေကနေ ထွက်ရှိလာတဲ့ ရောင်ပြန်အလင်းတွေဟာ ကလေးငယ်တွေရဲ့ မျက်စိကို ထိခိုက်စေနိုင်တဲ့အပြင် အိပ်စက်ခြင်းစက်ဝန်းကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုးတွေနဲ့ အိပ်ရေး မဝတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) စမတ်ဖုန်းတွေရဲ့ Screen ပေါ်မှာပဲ အချိန်ကုန်နေတဲ့ ကလေးငယ်တွေဟာ လူကြောက်တာမျိုး ၊ အပေါင်းအသင်း မဆံ့တာမျိုးတွေအပြင် လက်တွေ့ဘဝနဲ့ ကင်းကွာနေတာကြောင့် ရေရှည်မှာ လူမှုဆက်ဆံရေးအပိုင်းနဲ့ ပတ်သက်ပြီး စိတ်အားငယ်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
(၃) ကလေးတွေအနေနဲ့ စမတ်ဖုန်းတွေကိုပဲ အသုံးပြုနေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ရေရှည်မှာ အဝလွန်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ တချို့ မိဘတွေဟာ ကလေးငယ် ဝ လာတာကို ကျန်းမာရေးကောင်းတယ်လို့ ထင်မြင်တတ်ကြပြီး ဝ လာတိုင်းလည်း ခန္ဓာကိုယ်ဖွံ့ဖြိုးပြီး ကျန်းမာရေးကောင်းမွန်လာတာ မဟုတ်ကြောင်းကို သတိပြုသင့်ပါတယ်။
(၄) ဆိုရှယ်မီဒီယာတွေနဲ့ ကလေးငယ်ကို ရင်းနှီးမှုရရှိစေခြင်းဟာ အဆိုးမြင်စိတ်ကို များလာစေနိုင်တယ်လို့ ဆေးသိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အဆိုးမြင်စိတ်များခြင်းဟာ စိတ်ဖိစီးမှုတွေနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုပါ နောက်ဆက်တွဲ ဖြစ်ပေါ်လာစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
(၅) မိဘတွေအနေနဲ့ စားဝတ်နေရေး အခြေအနေကြောင့် ကလေးငယ်တွေကို ကောင်းမွန်စွာ ဂရုမစိုက်နိုင်တဲ့အခါ စမတ်ဖုန်းကိုပဲ လွယ်လွယ်ကူကူ ပေးသုံးတတ်တဲ့ အကျင့်ကို စွန့်လွှတ်သင့်တယ်လို့ လေ့လာသူတွေက အကြံပြုထား ပါတယ်။
ကလေးတွေကို စမတ်ဖုန်းတလုံးနဲ့ လွှတ်ထားပေးခြင်းဟာ မိဘနဲ့ သားသမီးကြားက နွေးထွေးမှုတွေကို ပျောက်ဆုံးစေပြီး မိဘကို ရှောင်ဖယ်တာမျိုးတွေ ဖြစ်လာနိုင်တာကြောင့် သတိပြု ဆင်ခြင်သင့်တဲ့အချက်တခုပဲဖြစ်ပါတယ်။
Ref: www.greenbot.com