Apple ပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားစရာ သတင်း တပုဒ်ပါ။ Apple ဟာ Netflix လိုမျိုး လစဉ်ကြေးပေး ရုပ်သံ Streaming ဝန်ဆောင်မှုတခုကို အကောင်အထည် ဖော်နေတာကို သိပြီးဖြစ်ကြမှာပါ။ ယခု မတ်လမှာတော့ အဆိုပါ ဝန်ဆောင်မှုကို တရားဝင် မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။
Cupertino က Apple Park ရုံးချုပ်ဝင်းအတွင်းရှိ Steve Jobs ခန်းမမှာ မိတ်ဆက်ပွဲ တပွဲကို မတ်လ ၂၅ ရက်နေ့ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း Apple က ကြေညာလိုက်ပါတယ်။ ပွဲဖိတ်စာမှာ “It’s show time” လို့ ရေးသားထားတဲ့အတွက် ကာလရှည်ကြာ ကောလာဟလတွေ ထွက်နေတဲ့ Apple Streaming ဝန်ဆောင်မှုကို မြင်တွေ့ရဖို့ သေချာသလောက် ရှိသွားပါပြီ။ Apple ဟာ အဆိုပါပွဲမှာ Streaming ဝန်ဆောင်မှုအပြင် လစဉ်ကြေးပေး သတင်းဝန်ဆောင်မှုအသစ် Apple News ကိုလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။
Apple အနေနဲ့ မတ်လ ၂၅ ရက်နေ့ ပွဲမှာ ထုတ်ကုန်ပစ္စည်း အသစ်တွေအစား ဝန်ဆောင်မှုအသစ်တွေကိုပဲ အသားပေး မိတ်ဆက်သွားမှာပါ။ ဒါပေမဲ့ AirPods နားကြပ်အသစ်၊ တန်ဖိုးနည်း iPad မော်ဒယ်အသစ်နဲ့ ထုတ်လုပ်မှု နှောင့်နှေးနေတဲ့ AirPower ကြိုးမဲ့အားသွင်းပြားတို့ကိုလည်း မတ်လ ပွဲမှာ မြင်တွေ့ရနိုင်ပါတယ်။
Apple ဟာ “It’s show time” ဆိုတဲ့ ပွဲကြော်ငြာစာသားကို အရင်တုန်းကလည်း တခါ သုံးဖူးပါတယ်။ iTunes မှာ ရုပ်ရှင်တွေပါ စတင် ကြည့်ရှုနိုင်တော့မှာဖြစ်ကြောင်း ကြေငြာခဲ့တဲ့ စက်တင်ဘာ၊ ၂၀၁၆ ပွဲတုန်းကပါ။ Apple ရဲ့ ပထမဆုံး iTV ( နောက်ပိုင်း Apple TV လို့ အမည်ပြောင်းခဲ့တဲ့) ရုပ်သံဖမ်းစက်ကိုလည်း အဆိုပါပွဲမှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုပွဲဟာလည်း ရုပ်သံနဲ့ ပတ်သက်တဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုအသစ်ကို မြင်တွေ့ရဖို့ သေချာနေတာပါ။
သတင်းဌာနပေါင်းစုံက သတင်း၊ ဆောင်းပါးတွေကို တနေရာတည်းမှာ စုစည်း ဖတ်ရှုနိုင်မယ့် Apple News လစဉ်ကြေး ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေမှာ Apple အနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ The Wall Street သတင်းစာက ဖော်ပြခဲ့ဖူးပါတယ်။ အဆိုပါ ဝန်ဆောင်မှုအတွက် အမြတ်ငွေ ၅၀ ရာခိုင်နှုန်းအထိ တောင်းနေတာကြောင့် သတင်းတိုက်တွေနဲ့ မပြေမလည် ဖြစ်နေတယ်လို့ သိထားရပါတယ်။
Ref: The Verge