IT

လက်ဗွေရာ ဖတ်နိုင်တဲ့ ဘဏ်ကတ်တွေကို ဗြိတိန်မှာ စတင် စမ်းသပ်

ဗြိတိန်ဘဏ်တခုဖြစ်တဲ့ NatWest ဟာ NFC နဲ့ လက်ဗွေရာစကန်နာ တပါတည်း ပါဝင်တဲ့ ဘဏ်ကတ်တွေကို စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။

လက်ဗွေရာဖတ်နိုင်တဲ့ ဘဏ်ကတ်တွေကို သုံးစွဲသူ အယောက် ၂၀၀ ထံ ထုတ်ပေးထားပြီး ဧပြီလလယ်လောက်မှာ စတင် စမ်းသပ် အသုံးပြုနိုင်မှာပါ။ NFC ပါတဲ့ ဘဏ်ကတ်တွေကနေ ထိတွေ့စရာ မလိုတဲ့ (Contactless) ငွေပေးချေမှုတွေကို ပြုလုပ်နိုင်ပြီး၊ PIN ရိုက်စရာ မလိုဘဲ ပေါင် ၃၀ အထက် ငွေပေးချေမှုတွေ ပြုလုပ်နိုင်ပါတယ်။

လက်ရှိမှာလည်း Contactless ဘဏ်ကတ်တွေကို ဗြိတိန်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက် ရှိပါတယ်။ ငွေပေးချေလိုတဲ့အခါ ကတ်ကို ကတ်ဖတ်စက်ရှေ့မှာ ကပ်ထားလိုက်ရုံပါပဲ။ ဒါပေမဲ့ လုံခြုံရေးစနစ် မခံထားတဲ့အတွက် Contactless နည်းနဲ့ ပေါင် ၃၀ အထိပဲ ပေးချေနိုင်မှာပါ။ ကျော်သွားရင်တော့ ကတ်ဖတ်စက်ထဲ ကတ်ထည့်ပြီး PIN ရိုက်ပေးရပါတယ်။ လက်ဗွေရာစကန်နာ ပါလာတဲ့ ယခု ကတ်တွေမှာတော့ စက်နားမှာ ကပ်ပြီး လက်ဗွေရာ နှိပ်လိုက်တာနဲ့ ပေါင် ၃၀ အထက် ငွေပေးချေမှုတွေပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းစနစ်ရဲ့ တခုတည်းသော အားနည်းချက်ကတော့ ကတ်ကို ဘဏ်မှာ လူကိုယ်တိုင် သွားလုပ်ရတာပါ။ Apple Pay, Google Pay စတဲ့ မိုဘိုင်းငွေပေးချေမှု ဝန်ဆောင်မှုတွေလိုမျိုး အိမ်မှာပဲ စမတ်ဖုန်းနဲ့တော့ ကိုယ်တိုင် လုပ်လို့ မရပါဘူး။

ဒါပေမဲ့ ဘဏ်တွေက သင့် လက်ဗွေရာဒေတာကို သိမ်းဆည်းထားမှာ မဟုတ်တဲ့အတွက် လုံခြုံရေးတော့ ပိုမို စိတ်ချရမှာ ဖြစ်ပါတယ်။ သက်ဆိုင်တဲ့ အချက်အလက်အားလုံးကို ကတ်ထဲမှာပဲ သိမ်းထားပြီး၊ မသမာသူတွေအနေနဲ့ သင့် လက်ဗွေရာဒေတာကို ဘဏ်ရဲ့ အချက်အလက်သိုမှီးရာ (Database) ထဲကနေ ရယူနိုင်စွမ်း မရှိပါဘူး။ PIN နံပါတ်ထက် ပိုမိုလုံခြုံမှုရှိတဲ့ ငွေပေးချေမှုစနစ်တခု ဖြစ်ပါတယ်။

NFC စနစ်သုံး Contactless ငွေပေးချေမှုတွေမှာ အသုံးပြုသူရဲ့ ဇီဝအချက်အလက်နဲ့ စစ်ဆေးအတည်ပြုမှု ရယူတဲ့ (Biometric Authentication) လုံခြုံရေးစနစ်ဟာ စံနှုုန်းတခု ဖြစ်လာပါပြီ။ လက်ဗွေရာစကန်နာပါတဲ့ အကြွေးဝယ်ကတ်တွေကို ၂၀၁၅ ခုနှစ်ကတည်းက စတင် စမ်းသပ်ခဲ့တာ ဖြစ်ပေမယ့် အခုမှ ရိုးရိုး ဘဏ်ကတ်တွေဆီ ရောက်ရှိလာတာ ဖြစ်ပါတယ်။

NatWest ရဲ့ လက်ဗွေရာစကန်နာပါ ဘဏ်ကတ်တွေကိုတော့ နယ်သာလန်အခြေစိုက် Gemalto ကုမ္ပဏီက ထုတ်လုပ်ပေးထားပါတယ်။ Gemalto ဟာ လက်ဗွေရာသုံး ဘဏ်ကတ်တွေကို တောင်အာဖရိကနဲ့ အီတလီတို့မှာ စမ်းသပ်ခဲ့ပါသေးတယ်။

နောင်တချိန်မှာတော့ အသုံးပြုသူတွေအနေနဲ့ လက်ဗွေရာစကန်နာပါတဲ့ ဘဏ်ကတ်တွေကို မိမိအိမ်မှာတင် ဖုန်းနဲ့ အလွယ်တကူ လက်ဗွေရာသွင်း၊ အသုံးပြုလာနိုင်ဖို့ မျှော်မှန်းထားကြောင်း Gemalto က ပြောကြားထားပါတယ်။

Ref: The Verge, BGR

Loading