Google က Mac နဲ့ Windows တို့အတွက် Chrome browser ဗားရှင်းအသစ် ‘Chrome 73’ ကို ယနေ့ ထုတ်ပေးလိုက်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ Chrome 73 မှာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်အသစ်တွေ အများအပြား ပါဝင်လာပါတယ်။ ဒါပေမယ့် အဓိက လုပ်ဆောင်ချက်တခုကတော့ Mac အသုံးပြုသူတွေ စောင့်ဆိုင်းနေတဲ့ Dark Mode ပါဝင်လာတာပါ။ Windows အတွက်လည်း မကြာခင် ပါလာမယ်လို့ မှတ်ချက်မှာ ရေးသားထားပါတယ်။
Chrome အတွက် Dark Mode ကို လွန်ခဲ့တဲ့လက စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး၊ ယနေ့မှာတော့ အသုံးပြုသူ အားလုံးအတွက် တရားဝင် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်တုန်းက Chrome မှာ Dark Mode အသုံးပြုချင်ရင် Chrome Store က Themes တွေကိုပဲ အားကိုးခဲ့ရပါတယ်။ ဒါမှမဟုတ် Incognito Mode သုံးမှ အနက်ရောင် ဖြစ်သွားမှာပါ။
Mac မှာ Chrome ကို Dark Mode သုံးချင်ရင် System Preferences ကနေ General ကို သွားလိုက်ပါ။ ဒီအခါ Appearance မှာ Light နဲ့ Dark တွေ့ရမှာဖြစ်ကာ၊ Dark ရွေးပေးလိုက်ရင် Chrome က အနက်ရောင် ဖြစ်သွားပါလိမ့်မယ်။ Mac settings မှာ နဂိုကတည်းက Dark ရွေးထားပြီးသား လူတွေဆိုရင်တော့ Chrome ကို Update လုပ်လိုက်တာနဲ့ အလိုအလျောက် Dark Mode ဖြစ်သွားမှာပါ။ Chrome browser ကို Update လုပ်ချင်ရင် ညာဘက်အပေါ်ဆုံး ထောင့်က Menu ကို ဝင်ပြီး၊ Help ထဲက About Google Chrome မှာ Update ပြုလုပ်နိုင်ပါတယ်။
Windows သုံးတဲ့လူတွေကတော့ Chrome မှာ Dark Mode သုံးဖို့ စောင့်ရပါဦးမယ်။
အသစ်ထွက်ရှိလာတဲ့ Mac အတွက် Google Chrome မှာ Progressive Web Apps တွေအတွက် Support လည်း ပါဝင်လာပါတယ်။
Ref: The Verge, KL Gadget Guy