ဘူးထည့်လိုက်ရုံနဲ့ ကော်ဖီဖျော်ပေးနိုင်တဲ့ Keurig နဲ့ Nespresso စက်တွေ မြင်ဖူးကြမှာပါ။ LG ရဲ့ စက်ကတော့ ကုန်ကြမ်းပစ္စည်းတွေပါတဲ့ ဘူးထည့်ပေးလိုက်ရုံနဲ့ ရေခဲမုန့် လုပ်ေပးမှာပါ။ SnowWhite လို့ အမည်ပေးထားပြီး၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ ကျင်းပနေတဲ့ SXSW 2019 ပွဲမှာ မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။
ကုန်ကြမ်းပစ္စည်းတွေ ပါဝင်တဲ့ ဘူး (Pod) ထည့် သုံးရတဲ့ ကော်ဖီဖျော်စက်တွေလိုပဲ LG SnowWhite မှာ အထူးပြုလုပ်ထားတဲ့ ဘူးတောင့်လေးတွေ ထည့်သွင်းပြီး အိမ်မှာတင် ရေခဲမုန့် ပြုလုပ်နိုင်ပါတယ်။ ရေခဲမုန့် ၊ ဒိန်ချဥ်ရေခဲမုန့်၊ နို့ရေခဲမုန့်တွေ သာမက Sorbet, Grantia စတဲ့ ရေခဲမုန့်အမျိုးမျိုး ပြုလုပ်နိုင်တယ်လို့ LG က ပြောကြားခဲ့ပါတယ်။
ရေခဲမုန့် လုပ်ဖို့အတွက် LG SnowWhite စက်မှာ အရသာအတွက် ဘူးတဘူးနဲ့ ရေခဲမုန့်အမျိုးအစားအလိုက် ဘူးတဘူး၊ စုစုပေါင်း နှစ်ဘူး ထည့်သွင်းပေးရမှာပါ။ အားလုံးပြီးသွားရင်တော့ သီးသန့်ဘူးတောင့်တခု ထည့်သွင်းပြီး စက်စနစ်တခုလုံးကို ပြောင်စင်အောင် ဆေးကြောနိုင်ပါတယ်။
အိမ်သုံးရေခဲမုန့်လုပ်စက်တွေ ပေါ်နေတာ ကြာပြီဆိုပေမယ့်၊ အသုံးပြုသူအနေနဲ့ ပါဝင်ပစ္စည်းတွေကို မိမိ နည်းလမ်းအတိုင်း ရောမွှေ၊ ဘူးထဲထည့်ကာ၊ စက်ထဲထည့် အအေးခံတဲ့ အဆင့်တွေ လိုပါသေးတယ်။ အခုလို ဘူးထည့်လိုက်ရုံနဲ့ အဆင်သင့် ရေခဲမုန့် လုပ်နိုင်တဲ့ စက်မျိုးက ရေခဲမုန့်ကြိုက်နှစ်သက်သူတွေအတွက် ပိုလွယ်ကူ အဆင်ပြေစေမှာပါ။
LG ရဲ့ SnowWhite ကတော့ ရေခဲမုန့်အမျိုးအစားအလိုက် အပူချိန်ကိုပါ အလိုအလျောက် ချိန်ညှိပေးနိုင်ပြီး၊ အဆုံးသတ် ရေခဲမုန့် ထွက်လာတဲ့အထိ အလိုအလျောက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရေခဲမုန့် လုပ်တဲ့ ဘူးတွေထဲမှာ အရည်အသွေးကောင်းမွန်တဲ့ သဘာဝ ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုထားတယ်လို့ LG က ဆိုပါတယ်။ အချိုရှောင်သူတွေအတွက် သကြားပါဝင်မှုနည်းပါးတဲ့ ဘူးတွေလည်း ထုတ်ပေးသွားမှာပါ။
LG ဟာ ကုန်ကြမ်းဘူးထည့်လိုက်ရုံနဲ့ အဆင်သင့် ချက်လုပ်ပေးနိုင်တဲ့ စက်မျိုးကို အရင်ကလည်း ထုတ်ထားဖူးပါတယ်။ ရေခဲမုန့်၊ ကော်ဖီဖျော်စက်တွေတော့ မဟုတ်ပါဘူး။ HomeBrew လို့ ခေါ်တဲ့ အိမ်သုံး ဘီယာချက်စက်ပါ။ ကုန်ကြမ်းဘူးထည့်လိုက်ရုံနဲ့ ဘီယာချက်ပေးနိုင်တဲ့ LG HomeBrew စက်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပပြုလုပ်ခဲ့တဲ့ CES 2019 ပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။
LG SnowWhite ရေခဲမုန့်လုပ်စက်ဟာ ရှေ့ပြေးမော်ဒယ်အဆင့်ပဲ ရှိသေးတာကြောင့် စျေးကွက်ထဲတော့ ရောက်လာဦးမှာ မဟုတ်ပါဘူး။
Ref: Slash Gear, Engadget