Galaxy Fold ခေါက်ချိုးဖုန်းနဲ့ မိုဘိုင်းဖုန်းဈေးကွက်ကို ကိုင်လှုပ်ခဲ့တဲ့ Samsung ဟာ ဒီဇိုင်းအသစ်နဲ့ နောက်ထပ် ခေါက်ချိုးဖုန်းတလုံးကို ထပ်မံ ထုတ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။
Galaxy Fold စမတ်ဖုန်းတုန်းက ကိုယ်ထည်အတွင်းကို ခေါက်ချိုးချနိုင်တဲ့ ဒီဇိုင်းကို အသုံးပြုထားပြီး၊ Display အကြီးကို ကိုယ်ထည်အတွင်းမှာ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ မူပိုင်ခွင့်မှာ ဖော်ပြထားတဲ့ ဒီဇိုင်းကတော့ Galaxy Fold နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။ အဓိက Display အကြီးကို ကိုယ်ထည်အပြင်မှာ ထား ထားကာ၊ ကိုယ်ထည်ကို အပြင်ခေါက်ချိုးမယ့် ဒီဇိုင်း ဖြစ်ပါတယ်။ Samsung ဟာ ယခု ခေါက်ချိုးဖုန်းဒီဇိုင်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကတည်းက ကမ္ဘာ့မူပိုင်ခွင့်ရုံး (WIPO) မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။
မူပိုင်ခွင့်မှာ ပါဝင်တဲ့ ဒီဇိုင်းပုံကြမ်းတွေအရ Samsung ရဲ့ ခေါက်ချိုးဖုန်းအသစ်ဟာ ကိုယ်ထည်အပြင်ချိုး Foldable Phone တလုံးဖြစ်တဲ့ Huawei Mate X နဲ့လည်း တူညီမှာ မဟုတ်ပါဘူး။ Mate X လိုမျိုး ဖုန်းကို ဖြန့်ဖွင့်လိုက်ရင် ကြီးမားတဲ့ Display ဖြစ်သွားမှာ မဟုတ်ဘဲ၊ သာမန် Display ကိုပဲ အလယ်က ခေါက်ချိုးချနိုင်မယ့် ဒီဇိုင်းပါ။ အဲ့ဒီအတွက် ခေါက်ထားတဲ့ အချိန်မှာ ဖုန်းက အရွယ်အစား တဝက်လောက် ပိုသေးသွားက အိတ်ကပ်ထဲ အလွယ်တကူ ထည့်သယ်သွားနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်ထူးခြားချက်တခုကတော့ ဖုန်းကိုယ်ထည် အလယ်က Hinge အဆက်နောက်မှာ Slider လျှောတံလေးတခု ပါဝင်တာ တွေ့ရပါတယ်။ ဖုန်းကို ခေါက်ချိုးထားတဲ့အနေအထားအတိုင်း ထိန်းပေးနိုင်မယ့် အထိန်း ဖြစ်ပြီး၊ မလိုအပ်ဘဲ ဖုန်းခေါက်ချိုးမိတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးမှာပါ။
Samsung က Galaxy Fold အပြင် နောက်ထပ်ခေါက်ချိုးဖုန်းနှစ်လုံး ထုတ်ဖို့ စီစဉ်နေကြောင်း Bloomberg က ထုတ်ဖော်ခဲ့ပြီးနောက်မှာ Samsung ရဲ့ ခေါက်ချိုးဖုန်းဒီဇိုင်းအသစ်ကို တွေ့ရတာ ဖြစ်ပါတယ်။ Bloomberg က သတင်းမှာလည်း Samsung ဟာ အရင်တုန်းက ခေါက်ဖုန်းတွေ ပုံစံအတိုင်း အပြင်ကို ခေါက်ချိုးနိုင်တဲ့ ဖုန်းတလုံးကို ထုတ်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ အခု မူပိုင်ခွင့်နဲ့ ကိုက်ညီမှုရှိနေပါတယ်။
Samsung က ယခုနှစ်အတွင်း ခေါက်ချိုးဖုန်း အလုံးရေ ၁ သန်းထိ ထုတ်သွားမှာဖြစ်ကြောင်း တရားဝင် ကြေညာထားပါတယ်။ ခေါက်ချိုးဖုန်းတွေသာမက လိပ်နိုင်၊ ဆန့်နိုင်တဲ့ မျက်နှာပြင်ပါ ဖုန်းတွေကိုပါ ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားကြောင်းကိုလည်း ကုမ္ပဏီရဲ့ ဒု-အမှုဆောင်အရာရှိချုပ် Chung Eui-suk က ယခုနှစ် အစောပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Ref: Digit