IT

မျက်နှာပြပြီး ရထားခ ပေးချေနိုင်မယ့် စနစ်ကို တရုတ် ဘူတာရုံတခုမှာ စမ်းသပ်

မဝေးလှတဲ့ အနာဂတ်မှာ ရထားခ ပေးဖို့အတွက် သင့်မျက်နှာကို Screen တခုမှာ Scan ဖတ်ပေးဖို့ပဲ လိုတော့မှာပါ။ တရုတ်နိုင်ငံရဲ့ နည်းပညာမြို့တော်ဖြစ်တဲ့ ရှန်ဇန်း (ရှန်းကျန်း)က မြို့ပတ် မြေအောက်ရထား ကုမ္ပဏီတခုဟာ ဘူတာအဝင် လက်မှတ်ဖြတ်ရာမှာ မျက်နှာဖတ်ရှုစစ်ဆေးတဲ့ Facial Recognition နည်းပညာကို စတင် စမ်းသပ် အသုံးပြုနေပြီဖြစ်ပါတယ်။

5G ကွန်ရက်သုံး မျက်နှာနဲ့ ရထားခ ပေးချေနိုင်တဲ့ စနစ်ကို လောလောဆယ်မှာတော့ Futian ဘူတာရုံတခုထဲမှာပဲ စမ်းသပ်နေပါတယ်။ ရထားစီးသူတွေအနေနဲ့ မြေအောက်ရထားဘူတာ အဝင်ဂိတ်မှာ အရင်လို လက်မှတ်ကတ်ပြား ဒါမှမဟုတ် စမတ်ဖုန်းက QR Code ကို Scan ဖတ်ပေးစရာ မလိုတော့ပါဘူး။

တက်ဘလက်အရွယ်အစား ဖန်သားပြင်မှာ မျက်နှာကို Scan ဖတ်ပေးလိုက်တာနဲ့ ချိတ်ဆက်ထားတဲ့ အကောင့်ထဲကနေ ရထားခကို အလိုအလျောက် ဖြတ်သွားမှာ ဖြစ်ပါတယ်။ အမြွှာပူးတွေနဲ့ ရုပ်ချင်း ဆင်တူသူတွေဆိုရင်တော့ ဘယ်လိုဖြစ်မလဲ မသိပါဘူး။

မျက်နှာနဲ့ လက်မှတ်ဖြတ်တဲ့ စနစ်သာ အောင်မြင်မှုရခဲ့မယ်ဆိုရင် နေ့စဉ် စီးနင်းသူပေါင်း ၅ သန်းအထိ ကို တာဝန်ယူ ပြေးဆွဲပေးနေတဲ့ ရှန်ဇန်း မြေအောက်ရထား ကွန်ရက်တခုလုံး ပိုမို ချောမွေ့၊ မြန်ဆန်လာနိင်ပါတယ်။

မြေအောက်ရထား စီးခကို မျက်နှာနဲ့ ပေးချေလိုသူတွေအနေနဲ့ မိမိ မျက်နှာပုံစံကို ဦးစွာ ထည့်သွင်း စာရင်းပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ မိမိရဲ့ မြေအောက်ရထားစီးနင်းခွင့် အကောင့်မှာ ငွေပေးချေမှုစနစ်တခုကို ချိတ်ဆက် ဖြည့်သွင်းပေးရမှာပါ။

မြေအောက်ရထားကတ် မေ့လာတာ၊ ကတ်ထဲမှာ လက်ကျန်ငွေ နည်းနေတာ စတဲ့ ဖြစ်ရပ်တွေကို ကြုံရမှာ မပူရတော့ပါဘူး။ မိမိ ရထားစီးနင်းမှု ခရီးစဉ်တိုင်းကို မျက်နှာဒေတာနဲ့ ဖမ်းယူ စောင့်ကြည့်နေတာ ခံရမှာကတော့ အားနည်းချက် လို့ ယခုစနစ်ရဲ့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် တရုတ်ပြည်သူတွေအတွက်တော့ စောင့်ကြည့်ခံရတာက အထူးအဆန်း မဟုတ်တော့ပါဘူး။ တရုတ်နိုင်ငံက မြို့ကြီး အများစုမှာ ပြည်သူတွေကို ထိန်းသိမ်း ကြပ်မတ်ဖို့အတွက် မျက်နှာ ဖတ်ရှုစစ်ဆေးတဲ့ နည်းပညာနဲ့ စောင့်ကြည့်ကင်မရာစနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက် ရှိပါတယ်။

ပြည်သူတယောက်ချင်းစီရဲ့ မျက်နှာပုံပန်းသဏ္ဍာန်၊ အသက်အရွယ်၊ လိင်အမျိုးအစားနဲ့ နယ်မြေအတွင်း နေထိုင်လာတဲ့ အချိန်ကာလတို့ကို အာဏာပိုင်တွေက မှတ်တမ်းတင် ရယူထားကြပြီး၊ စည်းကမ်းတစုံတရာ ဖောက်ဖျက်တာနဲ့ မည်သူမည်ဝါဆိုတာ ချက်ချင်း သိရမှာပါ။

ယခု မြေအောက်ရထားဘူတာရုံမှာ သုံးထားတဲ့ မျက်နှာ ဖတ်ရှုစစ်ဆေးမှု နည်းပညာကို Shenzhen Metro နဲ့ Huawei ကုမ္ပဏီတို့က ရေးဆွဲ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဘူတာရုံနဲ့ မြေအောက်ရထားလိုင်း အကုန်လုံးမှာ ဘယ်တော့လောက် သုံးနိုင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

တရုတ်နိုင်ငံ အနှံ့အပြားမှာ ငွေပေးချေမှုအတွက် မျက်နှာဖတ်တဲ့ နည်းပညာကို တွင်ကျယ်စွာ အသုံးချလျက် ရှိပါတယ်။ တရုတ်နိုင်ငံက KFC ဆိုင်တွေမှာ ကြက်ကြော်ဝယ်ရင် မျက်နှာနဲ့ ငွေချေနိုင်တဲ့ စနစ်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ မိုဘိုင်းငွေပေးချေမှုစနစ် အသုံးများဆုံး နိုင်ငံတခုဖြစ်ပြီး၊ WeChat Pay နဲ့ Alipay တို့က လူသုံးအများဆုံး ငွေပေးချေမှုစနစ်တွေ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ နိုင်ငံလူဦးရေ တဝက်လောက်ဟာ ငွေပေးချေမှုအတွက် စမတ်ဖုန်းတွေကို အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။

Ref: The Verge, South China Morning Post

Loading