၃၆၀ ဒီဂရီ မြင်ကွင်း ပတ်လည်ပြည့် ရိုက်ကူးနိုင်တဲ့ ကင်မရာတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Insta360 က EVO လို့ ခေါ်တဲ့ ကင်မရာ မော်ဒယ်သစ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။
EVO မှာ ကင်မရာနှစ်လုံးနဲ့ ခေါက်ချိုး အသုံးပြုနိုင်တဲ့ ဒီဇိုင်းတို့ကို ပေါင်းစပ် အသုံးပြုထားပြီး၊ အရင် Insta360 ကင်မရာတွေ ဒီဇိုင်းနဲ့ လုံးဝ ကွာခြားသွားပါတယ်။ EVO ကို ခေါက်ထားမယ်ဆိုရင် ၃၆၀ ဒီဂရီ စက်လုံးသဏ္ဍာန် ပုံရိပ်တွေကို တချိန်တည်းမှာ ရိုက်ကူးပေးနိုင်ပြီး၊ ကင်မရာကို ဖြန့်ထားမယ်ဆိုရင်တော့ ၁၈၀ ဒီဂရီ 3D ပုံရိပ်တွေ ရိုက်ကူးနိုင်မှာပါ။
ကင်မရာကို ဖြန့်ထားတဲ့အချိန်မှာ EVO ရဲ့ မြင်ကွင်းကျယ် Fisheye Lens နှစ်လုံးက 180-megapixel 180° 3D ဓာတ်ပုံတွေ နဲ့ 5.7K 180° 3D ဗီဒီယိုတွေကို ပေါင်းစပ် ရိုက်ကူးပေးနိုင်ပါတယ်။
“ကျနော်တို့ရဲ့ ဘဝအတွေ့အကြုံတွေကို သုံးဖက်မြင် ပုံရိပ်တွေအဖြစ်ပဲ အမှတ်တရ ရှိတတ်ကြပါတယ်။ ဘဝရဲ့ အခိုက်အတန့် တဒင်္ဂအချိန်လေးတွေကို အပြည့်အဝ ရိုက်ကူးဖို့အတွက် သုံးဖက်မြင် ရိုက်နိုင်တဲ့ ကင်မရာတလုံး လိုအပ်ပါတယ်။အချို့သော အမှတ်တရ အတွေ့အကြုံတွေက ကြိုတင် မခန့်မှန်းနိုင်မှုတွေ၊ ထူးကဲမှုတွေ ပြည့်နှက်နေတဲ့အတွက် ကင်မရာကို တနေရာတည်း ချိန်ပြီး ရိုက်ကူးဖို့ မဖြစ်နိုင်ပါဘူး” လို့ Insta360 က ဆိုပါတယ်။
ဒီလို ဘက်ပေါင်းစုံက မြင်ကွင်းတွေကို တပြိုင်တည်း ရိုက်ကူး မှတ်တမ်းတင်ချင်တဲ့အခါ EVO ကို ခေါက်လိုက်တာနဲ့ 18MP 360° ဓာတ်ပုံတွေနဲ့ 5.7K 360° ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Evo နဲ့ ရိုက်ထားတဲ့ ပုံတွေကို အရသာမပျက် ပြန်လည် ကြည့်ရှုခံစားဖို့အတွက်လည်း နည်းပညာသစ်နှစ်ခုကို Insta360 က ထုတ်ဖော် ပြသလိုက်ပါတယ်။
ပထမဆုံးတခုကတော့ မြင်ကွင်းပြည့်ပုံရိပ်တွေကို VR Headset တွေမှာ ပြန်ကြည့်ဖို့အတွက် Insta360 VR App ပါ။ ယခု App အသစ်ကို အသုံးပြုပြီး Oculus Go, HTC VIVE Focus, Samsung Gear VR စတဲ့ VR Headset တွေနဲ့ EVO ကင်မရာကို ကြိုးမဲ့ ချိတ်ဆက်ကာ ဓာတ်ပုံ၊ ဗီဒီယိုတွေကို အထစ်အငေါ့မရှိ ကြိုးမဲ့ ကြည့်နိုင်၊ ပို့နိုင်မှာ ဖြစ်ပါတယ်။
ဒုတိယတခုကတော့ Insta360 HoloFrame ဆိုတဲ့ ဖုန်းမျက်နှာပြင်ကာဗာ တခု ဖြစ်ပါတယ်။ အထူး ထုတ်လုပ်ထားတဲ့ မျက်မှန်တွေ ခေါင်းစွပ်တွေ မလိုဘဲ 3D ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အဆင်သင့် ကြည့်ရှုလို့ ရမယ့် ဖုန်းကာဗာပါ။
HoloFrame ကို ဖုန်း Display အပေါ်မှာ တပ်ပြီး၊ EVO App ထဲက 3D ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖုန်းမျက်နှာပြင်မှာ ရုပ်လုံးကြွ မြင်ရမှာပါ။ ပုံရိပ်ဖော်ပြနေစဉ်အတွင်း အသုံးပြုသူရဲ့ မျက်လုံး လှုပ်ရှားမှုကို ဖမ်းယူကာ ကြည့်ရှုတဲ့ မြင်ကွင်းအလိုက် သဘာဝဆန်တဲ့ ပုံရိပ်တွေကို ချိန်ညှိ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 3D ပုံရိပ်တွေ ကြည့်ရှု ခံစားဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။
Insta360 EVO ကင်မရာကို ဒေါ်လာ ၄၂၀ နဲ့ ယနေ့က စတင် ဝယ်ယူနိုင်ပါပြီ။ HoloFrame ကိုတော့ ဒေါ်လာ ၃၀ နဲ့ သက်သက် ရောင်းချသွားမှာပါ။
Ref: Peta Pixel