Huawei က ကိုယ်ပိုင် စက်လည်ပတ်မှုစနစ် OS (Operating Systems) တွေကို သုံးဖို့ အဆင်သင့် ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ရင်ဆိုင်နေတဲ့ အမှုမှာ Android နဲ့ Windows စနစ်တွေ အပါအဝင် အမေရိကန်လုပ် ထုတ်ကုန်တွေကို တင်သွင်း၊ အသုံးပြုခွင့် ပိတ်ပင်ခံရပါက ကိုယ်ပိုင် Operating Systems တွေ ပြောင်းသုံးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီစနစ်တွေ သုံးခွင့် မရတော့ရင်လည်း ကိုယ်ပိုင် Operating Systems တွေ အသင့်ပြင်ထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ Plan B ကို သုံးဖို့ အသင့်ပါပဲ” လို့ Huawei အမှုဆောင်အရာရှိ Richard Yu က Die Welt နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဖြေကြားခဲ့ပါတယ်။
အမေရိကန်က Huawei နဲ့ ZTE တို့ကို စတင် စုံစမ်းစစ်ဆေးမှု လုပ်စဉ်၊ ၂၀၁၂ ခုနှစ် အစောပိုင်းကတည်းက Android အစားထိုး ကိုယ်ပိုင် OS ကို Huawei က စတင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အထိ ရေးဆွဲနေတုန်းပဲလို့ ဆိုခဲ့ပြီး၊ ယခုတော့ ပြီးစီးသွားပုံ ရပါတယ်။
အမေရိကန်အစိုးရနဲ့ အမှုရင်ဆိုင်နေချိန်မှာ Huawei ဘက်က အရန် Operating Systems တွေ ရှိကြောင်း ကြေညာချက် ထုတ်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရနဲ့ အမှုမှာ Huawei အနေနဲ့ US က ထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုခွင့် ပိတ်ပင်ခံရနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီလိုရလဒ်ထွက်လာခဲ့ရင်တောင် Huawei ဘက်က အဆင်သင့်ရှိနေကြောင်း အသိပေးလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ Huawei ရဲ့ နည်းပညာကို အစိုးရကွန်ရက်တွေမှာ ပိတ်ပင်ရုံမက၊ အစိုးရကို ပစ္စည်းထောက်ပံ့နေတဲ့ ကုမ္ပဏီကြီးတွေကိုပါ Huawei ပစ္စည်းတွေ သုံးမရအောင် တားမြစ်လိုက်တဲ့အတွက် Huawei က အမေရိကန်အစိုးရကို တရားစွဲဆိုထားပါတယ်။
အမေရိကန်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွှတ်ခြင်း မရှိဘဲ Huawei ကို ကွက်ပြီး အပြစ်ပေးတာ ဖြစ်ကြောင်းနဲ့ Huawei နည်းပညာကို ပိတ်ပင်မယ်ဆိုရင် 5G ကွန်ရက် ပြိုင်ဆောက်ရာမှာ အမေရိကန်ဟာ အခြားနိုင်ငံတွေ နောက်က ကျန်နေခဲ့မှာ ဖြစ်ကြောင်း Huawei ရဲ့ အမှုတွဲမှာ ဖော်ပြထားပါတယ်။
ကိုယ်ပိုင် OS (Operating Systems) တွေ လုပ်ထားတယ်ဆိုပေမယ့် Huawei ကတော့ Google နဲ့ Microsoft တို့ရဲ့ စနစ်တွေနဲ့သာ လက်တွဲလိုကြောင်း Yu က ပြောကြားခဲ့ပါတယ်။ Huawei ဟာ သူ့ဖုန်းမော်ဒယ် အများစုမှာ ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Kirin Processors တွေကို အသုံးပြုထားတာကြောင့် အမေရိကန် ထုတ်ကုန်တွေ သုံးခွင့်မရတော့ရင်တောင် ZTE ကုမ္ပဏီလောက် အခြေအနေ ဆိုးရွားမှာ မဟုတ်ပါဘူး။
၂၀၁၈ ခုနှစ်တုန်းက ZTE ဟာ Google ရဲ့ Android OS စနစ် အသုံးပြုခွင့် ပိတ်ခံခဲ့ရပြီး၊ စမတ်ဖုန်းတွေ ထုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း အမေရိကန်ကနေ တင်သွင်းခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
Huawei ဟာ စမတ်ဖုန်းတွေအတွက် အရန်အစီအစဉ်တွေ အသင့်ပြင်ထားပေမယ့် ကွန်ပျူတာထုတ်လုပ်ရာမှာတော့ အနည်းငယ် ဒုက္ခတွေ့ နိုင်ပါတယ်။ Windows OS အတွက် ကိုယ်ပိုင် ကွန်ပျူတာ OS ရှိတယ်ဆိုပေမယ့် Laptop အများစုမှာ အမေရိကန်လုပ် Intel Processors တွေကိုပဲ အသုံးပြုနေရတာပါ။
Intel နဲ့ Qualcomm, AMD ပစ္စည်းတွေ သုံးခွင့်မရတော့ဘူးဆိုရင် Huawei အတွက် ရွေးချယ်စရာ MediaTek Processors တွေပဲ ရှိတော့မှာပါ။ ဒါပေမယ့် MediaTek Processors တွေဟာ ဈေးသက်သာတဲ့ စွမ်းဆောင်ရည်နိမ့် Chromebooks တွေမှာပဲ အသုံးများပါတယ်။ ဒါကြောင့် Huawei အနေနဲ့ Laptop အတွက် ကိုယ်ပိုင် Processors တွေပါ ထုတ်လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
Ref: The Verge