အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ် ပြည်နယ်က ကောလိပ်ကျောင်းသား ၁၀ ဦးဟာ PlayerUnknown’s Battlegrounds Mobile ကစားနေတာကို ရဲ မိသွားတာကြောင့် အဖမ်းခံခဲ့ရပါတယ်။ PUBG ဂိမ်းဟာ အစွဲလန်းလွန်ပြီး အကြမ်းဖက်မှု အားပေးတဲ့ ဂိမ်း ဟုဆိုကာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ လွန်ခဲ့တဲ့ တပတ်က ကစားခွင့် ပိတ်ပင်ခဲ့ပါတယ်။ အဖမ်းခံရတဲ့ ကျောင်းသားတွေကိုတော့ အာမခံငွေနဲ့ အဆိုပါနေ့မှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသားတွေဟာ PUBG Mobile ကို သဲကြီးမဲကြီး ကစားနေကြတာကြောင့် ရဲတွေ ဖမ်းဖို့ အနားကို ကပ်လာတာတောင် မသိကြဘူးလို့ ဒေသခံရဲတဦးက Indian Express သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့၊ မနက်အစောပိုင်းမှာလည်း PUGB ကစားနေတဲ့ အသက် ၁၈ ကနေ ၂၂ နှစ် အရွယ် ကျောင်းသား ၆ ဦးကို ထပ်မံ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းသားတွေကိုလည်း အာမခံကြေးနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ တခြားပြည်နယ်တွေမှာတော့ PUBG ဂိမ်းကို တရားဝင် ဆော့ကစားနိုင်ပါသေးတယ်။ ဂူဂျာရတ် ပြည်နယ်မှာတော့ PUBG ဂိမ်းဟာ ကလေးတွေရဲ့ “အနေအထိုင် အပြုအမူနဲ့ စကားပြောဆိုမှုတို့ကို” ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု ရှိနေကြောင်း လူကြီးမိဘ၊ ဆရာသမားတွေဆီက တိုင်ကြားချက်တွေ ရရှိအပြီးမှာ ကစားခွင့် ပိတ်ပင်တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဂူဂျာရတ် ပြည်နယ်ဝန်ကြီးတဦးကလည်း PUBG ဂိမ်းဟာ “အိမ်တိုင်းအတွက် နတ်ဆိုးတကောင်” ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Fortnite ကဲ့သို့ PUBG နည်းတူ အများနဲ့ ဆော့ကစားရတဲ့ အခြား Battle Royale ဂိမ်းတွေကိုတော့ အိန္ဒိယမှာ ဥပဒေအရ တားမြစ်ပိတ်ပင်ထားခြင်း မရှိပါဘူး။
Ref: Android Authority