၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲမှာ ပွဲကြည့် ပရိတ်သတ်တွေကို ကူညီပေးမယ့် စက်ရုပ်တွေကို သောကြာနေ့မှာ ပွဲစီစဉ်သူတွေက မိတ်ဆက်ပြသလိုက်ပါတယ်။ တိုကျို အိုလံပစ် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေ လက်ခံကျင်းပမယ့် ဆောက်လုပ်ဆဲ အမျိုးသားအားကစားကွင်းသစ်မှာ အဆိုပါ စက်ရုပ်တွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အကူစက်ရုပ်တွေကိုတော့ အိုလံပစ်ပြိုင်ပွဲရဲ့ အဓိက စပွန်ဆာကုမ္ပဏီတခုဖြစ်တဲ့ Toyota Motor Corp က ထုတ်လုပ်ပေးထားတာပါ။ “လူသားအကူ စက်ရုပ်” (Human Support Robot) ၁၆ ရုပ်နဲ့ “ပစ္စည်း ပို့ဆောင်ရေး အကူ စက်ရုပ်” (Delivery Support Robot) ၈ ရုပ်၊ စုစုပေါင်း စက်ရုပ် ၁၈ ရုပ်ကို အားကစားကွင်းအတွင်း အသုံးပြုသွားမှာဖြစ်တယ်လို့ Toyota တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
HDR စက်ရုပ်ဟာ အမြင့် ၁ မီတာ ရှိတဲ့ လက်မောင်းတဖက်ပါ စက်ရုပ်ဖြစ်ပြီး၊ အရာဝတ္ထုတွေ ကို ကိုင်ဆောင် သယ်ယူပေးနိုင်ပါတယ်။ မြေပြင်က ကျနေတဲ့ အရာဝတ္ထုတွေကို ကောက်ယူနိင်ပြီး၊ ဘီးတပ်ကုလားထိုင်နဲ့ လာရောက်တဲ့ ဧည့်သည်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စက်ရုပ်အမျိုးအစား ဖြစ်ပါတယ်။ ဧည့်သည်တွေကို ထိုင်ခုံ လိုက်ပြပေးတာ၊ ပစ္စည်း ကူသယ်ပေးတာတွေ လုပ်ဆောင်ပေးနိုင်မှာပါ။ HSR ဟာ အလိုအလျောက် သွားလာလှုပ်ရှားမှု လုပ်နိုင်သလို၊ အဝေးထိန်းခလုတ်နဲ့လည်း ထိန်းချုပ်မှု လုပ်နိုင်ပါတယ်။
DSR ကတော့ တက်ဘလက် ကွန်ပျူတာကနေ အစားအသောက်တွေကို မှာယူလိုက်တာနဲ့ လာပို့ပေးမယ့် စက်ရုပ်ဖြစ်ပါတယ်။ DSR လာပို့တဲ့ အစားအသောက်တွေကို HSR စက်ရုပ်က ယူဆောင်ပြီး၊ ဧည့်သည်တွေထံ အရောက် ပို့ဆောင်ပေးသွားမှာပါ။
တိုကျိုအိုလံပစ်ရဲ့ နောက်ထပ် အဓိကစပွန်ဆာ ကုမ္ပဏီတခုဖြစ်တဲ့ Panasonic Corp. ကလည်း ပွဲမှာ သုံးဖို့အတွက် Atoun Model Y ဆိုတဲ့ “စွမ်းအားဖြည့် စက်ရုပ်ဝတ်စုံ” ကို ထုတ်ဖော် ပြသခဲ့ပါတယ်။ Panasonic ရဲ့ ဝတ်စုံကိုတော့ ပွဲကျင်းပရာနေရာတွေနဲ့ အခြားအဆောက်အဦတွေမှာ ဝန်ထမ်းတွေက ဝတ်ဆင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကျောရိုးနဲ့ တင်ပဆုံဧရိယာတို့ကို အားဖြည့် ထောက်ကန်ပေးထားတဲ့ ဝတ်စုံဟာ လေးလံတဲ့ ပစ္စည်းတွေကို အားစိုက်စရာမလိုဘဲ သက်သောင့်သက်သာ မယူ၊ သယ်ဆောင်နိုင်စေမှာပါ။ ဘက်ထရီ ၄ နာရီ ခံပြီး၊ ဝတ်ဆင်ထားသူကို အလေးချိန် ၂၂ ပေါင်အထိ ပိုမို မနိုင်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ အိုလံပစ်ပြိုင်ပွဲအတွင်းမှာ ဝတ်စုံ ၂၀ အသုံးပြုသွားမှာ ဖြစ်တယ်လို့ Panasonics က ပြောကြားခဲ့ပါတယ်။
“ဂျပန်နိုင်ငံဟာ စက်ရုပ်နည်းပညာမှာ ဘယ်လောက် တိုးတက်နေလဲဆိုတာကို ယခု ပွဲကနေတဆင့် တကမ္ဘာလုံး သိနိုင်မှာ ဖြစ်ပါတယ်” လို့ တိုကျို အိုလံပစ်ရဲ့ နည်းပညာဝန်ဆောင်မှု ဒါရိုက်တာ Hideyo Hirata က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Ref: AP, Japan Times