ကမ္ဘာ့အကြီးဆုံး လက်လီအရောင်းကုမ္ပဏီကြီးတခု ဖြစ်တဲ့ Walmart ကလည်း ကိုယ်ပိုင် Android တက်ဘလက်တလုံးကို ထုတ်လုပ် ရောင်းချတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ONN အမှတ်တံဆိပ် အောက်ကနေ ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက Bloomberg ကို အတည်ပြု ပြောကြားလိုက်ပါတယ်။
Walmart ရဲ့ တန်ဖိုးနည်း Android တက်ဘလက်ကို တရုတ် Supplier ကုမ္ပဏီတခုက တာဝန်ယူ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး၊ Google ရဲ့ Android စနစ်ကိုပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကလေးငယ်တွေ ရည်ရွယ်ထုတ်လုပ်မယ့် တက်ဘလက်ဖြစ်တယ်လို့ သိရပါတယ်။
Walmart ဟာ ပြိုင်ဘက် Amazon ကုမ္ပဏီနည်းတူ အီလက်ထရောနစ်ပစ္စည်း စျေးကွက်မှာလည်း အခြေချဖို့အတွက် ကြိုးပမ်းလျက် ရှိပါတယ်။ ယမန်နှစ်က Overpowered အမှတ်တံဆိပ်အသစ်နဲ့ Gaming PC နဲ့ Laptops တွေကိုလည်း ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
Walmart ရဲ့ တက်ဘလက်ဟာ တန်ဖိုးနည်းစျေးကွက်ကို ဦးတည်မှာဖြစ်တာကြောင့် Amazon ရဲ့ Fire HD တက်ဘလက်တွေနဲ့ အဓိက စျေးကွက် ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။ Amazon ရဲ့ ဒေါ်လာ ၈၀ တန် Fire HD 8 နဲ့ ၁၄၉ ဒေါ်လာတန် Fire HD 10 တက်ဘလက်တွေမှာလည်း ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ Kids Edition တွေ ရှိပါတယ်။ ဒါပေမယ့် Amazon ရဲ့ တက်ဘလက်တွေကတော့ Android for version တခုဖြစ်တဲ့ ကိုယ်ပိုင် Amazon Fire OS နဲ့ လည်ပတ်တာဖြစ်တာကြောင့် Android Apps အားလုံးကို အသုံးပြုနိုင်ခြင်း မရှိပါဘူး။ Walmart ရဲ့ တက်ဘလက်တွေသာ Stock Android နဲ့ ထုတ်နိုင်ခဲ့မယ်ဆိုရင် အဓိက အားသာချက်တခု ဖြစ်သွားမှာပါ။
Bloomberg ရဲ့ သတင်းမှာတော့ Walmart တက်ဘလက်အသစ်တွေ ဝယ်ယူရရှိနိုင်မယ့် ရက်နဲ့ စျေးနှုန်းတို့ ကို ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် အစိုးရဆက်သွယ်ရေးကော်မရှင် (FCC) က Walmart တက်ဘလက်တလုံးကို ခွင့်ပြုချက် ထုတ်ပေးပြီးဖြစ်တာကြောင့် သိပ်မကြာခင်အတွင်း မြင်တွေ့ရဖို့ ရှိပါတယ်။
Ref: The Verge