Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi က တန်ဖိုးနည်းဖုန်းမော်ဒယ်သစ်တခုကို တရုတ်နိုင်ငံမှာ ယနေ့ နေ့လယ်က မိတ်ဆက်လိုက်ပါတယ်။ ကောင်းမွန်တဲ့ ပစ္စည်းတွေကို ချိုသာနဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းထားတဲ့ တန်ဖိုးနည်း ဖုန်းတလုံးဖြစ်ပါတယ်။
Redmi 7 အနိမ့်ဆုံးမော်ဒယ်ကို တရုတ်ယွမ်ငွေ ၆၉၉ (၁၀၅ ဒေါ်လာ) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ မြန်မာငွေ ၁ သိန်းခွဲ စွန်းစွန်းပဲ ရှိပေမယ့် အလယ်အလတ်တန်းစား Chipset ဖြစ်တဲ့ Snapdragon 632 SoC နဲ့ မော်ဒယ်မြင့် ဖုန်းတွေမှာပဲ အတွေ့များတဲ့ Gorilla Glass 5 အကြမ်းခံမှန်သားတို့ကို အသုံးပြုပေးထားပါတယ်။ ဒါ့အပြင် ကြီးမားတဲ့ 4,000mAh ပမာဏရှိတဲ့ ဘက်ထရီလည်း ပါဝင်လာပါသေးတယ်။
Redmi 7 ဖုန်း ဒီဇိုင်းဟာ ညီနောင်မော်ဒယ်တွေဖြစ်တဲ့ Redmi Note 7 ဖုန်းတွေနဲ့ ဆင်တူပါတယ်။ ကိုယ်ထည်ကတော့ ပိုလီကာဘွန်နိတ်ဖြစ်ပြီး၊ ခေတ်စားနေတဲ့ အရောင်ပြေး Gradient ဒီဇိုင်းကို အသုံးပြုထားပါတယ်။ 19.9 Aspect Ratio ရှိတဲ့ ၆.၂၆ လက်မအရွယ် HD+ LCD Display ပါဝင်ပြီး၊ Corning Gorilla Glass 5 မှန်သားလည်း အုပ်ပေးထားပါသေးတယ်။ ဒါ့အပြင် မျက်စိညောင်းညာကိုက်ခဲစေတဲ့ Blue Light ထုတ်လွှတ်မှုကို လျော့ချပေးနိုင်တဲ့ TÜV Rheinland အသိအမှတ်ပြု Display လည်း ဖြစ်ပါတယ်။
ဖုန်းအတွင်းမှာတော့ Qualcomm Snapdragon 632 octa-core processor ပါဝင်ပြီး၊ Redmi 6 ရဲ့ Helio P22 processor ထက် စွမ်းဆောင်ရည် ပိုကောင်းမှာပါ။ Redmi 7 ဟာ Kyro CPU ပါတဲ့ ဈေးအသက်သာဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ 2GB RAM+16GB Storage, 3GB+32GB နဲ့ 4GB+64GB ဆိုပြီး ဗားရှင်းသုံးမျိုး ထုတ်သွားမှာပါ။ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာ ဖြစ်ပါတယ်။
Redmi 7 ရဲ့ ကျောဘက်မှာတော့ 12MP နဲ့ 2MP ကျောကင်မရာနှစ်လုံးတွဲကို တွေ့မြင်ရမှာဖြစ်ကာ၊ ရှေ့ကင်မရာအတွက်ကတော့ 8MP ကင်မရာတလုံး ဖြစ်ပါတယ်။ ကျောဘက် လက်ဗွေရာဆန်ဆာ ပါဝင်သလို၊ မျက်နှာနဲ့ ဖွင့်နိုင်တဲ့ AI Face Unlock စနစ်လည်း ပါဝင်မယ်လို့ သိရပါတယ်။ Android 9 Pie စနစ်အခြေခံ MIUI 10 နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။
Redmi 7 မှာ Redmi Note 7 ဖုန်းတွေနည်းတူ P2i နာနိုအလွှာသုတ်ထားပြီး၊ ရေစက် ဖိတ်စင်မှုဒဏ် ခံနိုင်ရည် ရှိပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေကို အဝေးထိန်းခလုတ်အနေနဲ့ ထိန်းချုပ်နိုင်တဲ့ IR Blaster, microUSB 2.0 အပေါက်၊ 3.5mm နားကြပ်ပေါက်တွေ ပါဝင်တဲ့ Redmi 7 ဖုန်းကို အပြာနဲ့ အနီရောင် နှစ်မျိုး ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်းတွေကတော့ အနိမ့်ဆုံး မော်ဒယ်ကို ၁၀၅ ဒေါ်လာ၊ 3GB နဲ့ 4GB RAM မော်ဒယ်တွေကိုတော့ ၁၂၀ ဒေါ်လာနဲ့ ၁၅၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံမှာ မတ်လ ၂၆ ရက်နေ့ စတင် ဝယ်ယူနိုင်မှာပါ။
Ref: Phone Rader