နယူးဇီလန်နိုင်ငံ၊ ခရိုက်ချချ်မြို့က ဗလီနှစ်လုံးမှာ သေနတ်ကိုင် အကြမ်းဖက်သမားတဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် လူပေါင်း ၄၉ အထိ သေဆုံးခဲ့ရပါတယ်။ သေနတ်သမား ဘရီတန် တာရန့်ဟာ သောကြာနေ့ မနက်က အယ်နော ဗလီသို့ ကားမောင်းလာတဲ့ အချိန်ကနေ ဗလီအတွင်း ဝင်ရောက်ပစ်ခတ်မှုတွေကိုပါ Facebook မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
ဘရီတန် တာရန့်ရဲ့ Facebook အကောင့်ကို Follow လုပ်ထားသူတွေဟာ ပစ်ခတ်မှုကို အစောဆုံး သိရှိခဲ့ကြပြီး အဆိုပါ ဗီဒီယိုဟာလည်း လူမှုကွန်ရက်မှာ ပြန်တင်ကြသူတွေကြောင့် ပျံ့နှံ့သွားခဲ့ပါတယ်။
Facebook ကနေ ပစ်ခတ်မှုကို အချိန်ကြာမြင့်စွာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပေမယ့် Facebook က အချိန်မီ ပယ်ဖျက်နိုင်မှု မရှိခဲ့တဲ့အပေါ် ဝေဖန်သံတွေလည်း ညံခဲ့ပါတယ်။ ဒါပေမဲ့ Facebook ကတော့ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ပထမဆုံး ၂၄ နာရီအတွင်းမှာတင် အဆိုပါပစ်ခတ်မှု ဗီဒီယိုပေါင်း ၁ ဒဿမ ၅ သန်းကို ဖယ်ရှားခဲ့ပြီး ဖြစ်တယ်လို့ Twitter ကနေ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဗီဒီယိုပေါင်း ၁ ဒဿမ ၅ သန်းမှာ ၁ ဒဿမ ၂ သန်းကို Upload တင်နေဆဲ အချိန်မှာတင် ဖယ်ရှားနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
In the first 24 hours we removed 1.5 million videos of the attack globally, of which over 1.2 million were blocked at upload…
— Meta Newsroom (@MetaNewsroom) March 17, 2019
နယူးဇီလန်နိုင်ငံဆိုင်ရာ Facebook ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မီယာ ဂါးလစ်က ကုမ္ပဏီအနေနဲ့ နည်းပညာနဲ့ လူအင်အားကို ၂၄ နာရီလုံး နေ့မအား၊ ညမအား အသုံးပြုကာ အကြမ်းဖက်မှု ဗီဒီယိုကို ဆက်လက် ဖယ်ရှားနေပါတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ ဗီဒီယိုကိုမှ ပစ်ခတ်မှုတွေ မပါဝင်ဘဲ ပြန်လည် တည်းဖြတ်၊ ပြင်ဆင်ထားတဲ့ ဗီဒီယိုဗားရှင်းအကုန်လုံးကိုလည်း ဖယ်ရှားနေတယ်လို့ ဆိုပါတယ်။
ယခုဖြစ်ရပ်တွေအပေါ် Facebook အပါအဝင် လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေရဲ့ တုံ့ပြန်မှုအပေါ် ဆက်လက် မေးခွန်းထုတ်စရာတွေ ရှိကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်းက တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီးနောက်မှာ Facebook က ယခုလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားနဲ့ အခြားသံသယ ဖြစ်ဖွယ်လူတွေကို ဖမ်းဆီးထိန်းသိမ်းပြီး နာရီတော်တော်ကြာတဲ့အထိ အဆိုပါ ဗီဒီယိုကို YouTube နဲ့ အခြား အွန်လိုင်းဗီဒီယို ပလက်ဖောင်းတွေမှာ ပြန်တင်နေကြသူတွေ အများကြီးရှိခဲ့ပါတယ်။
သေနတ်သမား တာရန့်ရဲ့ Facebook, Instagram နဲ့ Twitter အကောင့်တွေ အားလုံးကိုလည်း ဖယ်ရှားခဲ့ပြီး ဖြစ်ပေမယ့် တာရန့် မျှဝေထားတဲ့ ဗီဒီယိုနဲ့ Links တွေ အပါအဝင် အချို့သော အကြောင်းအရာတွေကို စုဆောင်း သိမ်းဆည်းထားတဲ့ သတင်းအချက်အလက်တွေက အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတုန်း ဖြစ်ပါတယ်။
Ref: Gadgets NDTV, The Verge