Xiaomi က Black Shark ဂိမ်းမင်းစမတ်ဖုန်းစီးရီးရဲ့ တတိယမြောက် ဖုန်းဖြစ်ပြီး၊ မူလ Black Shark ဖုန်းရဲ့ မျိုးဆက်သစ် မော်ဒယ်ဖြစ်တဲ့ Black Shark 2 ကို ယနေ့ မိတ်ဆက်လိုက်ပါတယ်။ Black Shark 2 ဟာ ဒီဇိုင်းပိုင်းအရ အရင် Black Shark နဲ့ ကွာခြားမှု သိပ်မရှိပါဘူး။
အဓိက ကွာခြားချက်ဆိုလို့ ဒေါင်လိုက် ကျောကင်မရာနှစ်လုံးတွဲကို ဖုန်း ကျောဘက်အစွန် ပို့လိုက်တာပဲ ရှိပါတယ်။ အသုံးပြုနေစဉ်အတွင်း မတော်တဆ နှိပ်မိတာတွေ ရှောင်ရှားနိုင်ဖို့အတွက် ဖုန်းအပေါ်နဲ့ အောက်မှာ ဘောင်တွေ သိသိသာသာ ပါရှိပါသေးတယ်။
၂၀၁၉ ခုနှစ်ထွက်ထားတဲ့ မော်ဒယ်မြင့်ဖုန်းအများစုအတိုင်း Black Shark 2 မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 855 Chipset ကို အသုံးပြုထားပါတယ်။ 12GB RAM အထိ ပါရှိမှာြဖစ်ကာ၊ Storage ကိုလည်း 256GB အထိ သုံးနိုင်မှာ ဖြစ်ပါတယ်။ 6GB, 8GB RAM နဲ့ 128GB Storage မော်ဒယ်နှစ်မျိုးလည်း ထုတ်ပေးဦးမှာပါ။
Black Shark 2 မှာ ဂိမ်းတွေ အချိန်ကြာကြာ ဆော့ကစားနိုင်ဖို့အတွက် အရည်အအေးခံစနစ် (Liquid Cooling System) ပါဝင်ပါတယ်။ Liquid Cooling 3.0 ဟာ CPU အပူချိန်ကို ၁၄ ဒီဂရီအထိ လျော့ချ လည်ပတ်စေနိုင်ပါတယ်။ Black Shark 1 ထက် ၂ ဒီဂရီလောက် ပိုလျော့ချပေးနိုင်တာပါ။ ဂိမ်းတွေကို Frame Rate ကျဆင်းမှု မရှိဘဲ ချောမွေ့စွာ ဆော့ကစားနိုင်ဖို့အတွက် CPU စွမ်းအင်ကို ဖွင့်ထားတဲ့ ဂိမ်းတခုတည်းမှာ အသုံးပြုပေးမယ့် “Ludicrous mode” လည်း ပါဝင်မှာ ဖြစ်ပါတယ်။
Black Shark 2 ရဲ့ မျက်နှာပြင်ကတော့ ၆.၃၉ လက်မအရွယ် AMOLED Display ပါ။ 19.5:9 Aspect Ratio ရှိတဲ့ 1080 x 2340 pixels (FHD+) ရုပ်ထွက် အရည်အသွေး ရှိပါတယ်။ မျက်နှာပြင်အတွင်းမှာ လက်ဗွေရာဆန်ဆာကို ထည့်သွင်းထားပါတယ်။
ဒါ့အပြင် မျက်နှာပြင်ဟာ Magic Press လို့ နာမည်ပေးထားတဲ့ ဖိအားသိတဲ့မျက်နှာပြင် ဖြစ်ပါတယ်။ ဂိမ်းတွင်း ထိန်းချုပ်တဲ့ခလုတ်တွေကို ဖုန်းဘယ်ညာ အစွန်မှာ ပြန်ထားနိုင်ပြီး၊ စခရင်ပေါ် အားစိုက် ဖိနှိပ်ကာ ခလုတ်ကို အသုံးပြုရမှာပါ။ ခလုတ်နှိပ်ဖို့ လိုအပ်တဲ့ အားပမာဏကိုလည်း မိမိစိတ်ကြိုက် အတိုးအလျော့လုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဖုန်းမျက်နှာပြင်ကို ဂိမ်းဆော့ရာမှာ ပိုမိုကောင်းမွန်စေဖို့အတွက် ကာလာဖော်ပြမှုတိကျမှန်ကန်အောင်၊ စခရင်အလင်းလျော့ချထားချိန်မှာ စခရင်တုန်ခါမှုမဖြစ်အောင်နဲ့ Touch Latency ကို 43.5ms ပဲ ရှိအောင် အထူး ပြင်ဆင်ပေးထားတယ်လို့ Xiaomi က ဆိုပါတယ်။
ဂိမ်းဆော့ရာမှာ အဓိက အရေးပါတဲ့အချက်တခုဖြစ်တဲ့ လိုင်းဆွဲအား ကောင်းမွန်စေဖို့အတွက်လည်း Black Shark မှာ ဘေးဘက် အင်တာနာတိုင်နှစ်ခု “X+2 Antenna” ကို အသုံးပြုထားပါတယ်။ ဂိမ်း အသံထွက်ကောင်းမွန်စေဖို့အတွက်လည်း အသံကျယ်လောင်၊ ကြီးမားတဲ့ စတီရီယို စပီကာနှစ်လုံးကို သုံးပေးထားပါသေးတယ်။
ဂိမ်းမင်း စမတ်ဖုန်းဖြစ်တာနဲ့အညီ ဘက်ထရီ ကိုလည်း 4,000mAh အထိ သုံးပေးထားပါတယ်။ ဒါ့အပြင် 27W အား အားအမြန်သွင်းစနစ်နဲ့ ၅ မိနစ် အားသွင်းလိုက်တာနဲ့ နာရီဝက်စာ ဂိမ်းဆော့နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကင်မရာအတွက်တော့ 48MP+12MP ကျောကင်မရာနှစ်လုံးကို သုံးပေးထားပြီး၊ ရှေ့ကင်မရာကိုတော့ 20-megapixel ကင်မရာတလုံး သုံးပေးထားပါတယ်။
Xiaomi Black Shark 2 ကို တရုတ်ပြည်တွင်းမှာ ယနေ့ပဲ ချက်ချင်း ဝယ်ယူနိုင်ပါပြီ။ အနက်ရောင် Shadow Black ကာလာနဲ့ ငွေရောင် Frozen Silver ဆိုပြီး အရောင်နှစ်မျိုး ထုတ်သွားမှာပါ။ စျေးနှုန်းတွကတော့ 6GB RAM မော်ဒယ်ကို ၄၇၆ ဒေါ်လာ၊ 8GB RAM မော်ဒယ်ကို ၅၂၁ ဒေါ်လာနဲ့ အမြင့်ဆုံး 12GB RAM+ 256GB Storage ကို ၆၂၅ ဒေါ်လာ ကျသင့်မှာပါ။
Ref: Giz China, The Verge