Apple က iPad မော်ဒယ်အသစ်နှစ်လုံးကို ဝဘ်ဆိုဒ်ကနေ ယနေ့ တိတ်တဆိတ် မိတ်ဆက်လိုက်ပါတယ်။ iPad Air နဲ့ iPad mini မော်ဒယ်အသစ်တွေပါ။
iPad Air ကို မျက်နှာပြင် ပိုမိုကြီးမားတဲ့ ၁၀.၅ လက်မ ဗားရှင်းအနေနဲ့ ပြန်ထုတ်ပေးလိုက်တာ ဖြစ်ပြီး၊ Apple Pencil ပါ သုံးနိုင်ပြီ ဖြစ်ပါတယ်။ တပြိုင်တည်း ထွက်ရှိလာတဲ့ ၇.၉ လက်မ iPad Mini မှာလည်း Apple Pencil သုံးလို့ ရပါတယ်။ ဒါပေမယ့် ဒုတိယမျိုးဆက် Apple Pencil အသစ်တော့ မဟုတ်ပါဘူး။ မူလ Apple Pencil ပဲ သုံးနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် Apple Pencil ကို အရင်က iPad Pro တွေမှာပဲ သုံးလို့ ရခဲ့ရာကနေ ယခု တော့ လက်ရှိ iPad မော်ဒယ်တိုင်းမှာ သုံးလာနိုင်ပြီဖြစ်တာက ဝမ်းသာစရာပါ။
iPad Air အသစ်မှာ ၁၀.၅ လက်မအရွယ် Retina Display ကို အသုံးပြုထားပြီး၊ 2224×1668 pixels အရည်အသွေး ရှိပါတယ်။ True Tone နည်းပညာ ပါဝင်ပြီး၊ DCI-P3 ကာလာ စုံလင်စွာ ဖော်ြပနိုင်မှာပါ။ အတွင်းမှာတော့ A12 Bionic Chip ကို အသုံးပြုထားကာ 64GB Wi-Fi မော်ဒယ်ကို ၄၉၉ ဒေါ်လာစျေးနဲ့ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Wi-Fi နဲ့ ဆယ်လူလာ မော်ဒယ်ကတော့ ၆၂၉ ဒေါ်လာပါ။
Apple ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က iPad Air 2 ကို iPad နဲ့ အစားထိုးခဲ့ပေမယ့် အခုမှ စခရင်အရွယ်အစားကို ၉.၇ လက်မကနေ ၁၀.၅ လက်မအထိ တိုးပြီး ပြန်ထုတ်ပေးလိုက်တာပါ။ ၁၅၉ ဒေါ်လာ ပေးရတဲ့ Smart Keyboard လည်း iPad Air အသစ်မှာ အသုံးပြုနိုင်ပါတယ်။
စမတ်ဖုန်းတွေ အရွယ်အစားကြီးမားလာတာကြောင့် Apple အနေနဲ့ iPad mini ဆက် မထုတ်လောက်တော့ဘူးလို့ ထင်ခဲ့ကြပေမယ့်၊ ၃ နှစ်ခွဲလောက် ကြာပြီးတော့မှာ iPad mini အသစ် ပြန်ထုတ်ပေးလိုက်ပါတယ်။ 7.9-inch iPad mini အသစ်ဟာ ၂၀၁၅ တုန်းက မော်ဒယ်နဲ့ အပြင်ပန်း တထေရာတည်း နီးပါး ပါပဲ။ ဒါပေမယ့် အတွင်းပိုင်းမှာတော့ အသစ်တွေ ပြန်သုံးပေးထားပါတယ်။ iPhone XS မှာ သုံးခဲ့တဲ့ A12 Bionic Chip၊ အရင်ထက် ၂၅ ရာခိုင်နှုန်း ပိုတောက်ပတဲ့ ၇.၉ လက်မ Retina Display, True Tone နည်းပညာတို့ကို iPad mini မှာ တွေ့မြင်ရမှာပါ။
iPad Air ကိုတော့ 64GB မော်ဒယ်ကို ၃၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာပါ။
ကင်မရာတွေကတော့ iPad Air ကော iPad mini ကော အတူတူပါပဲ။ 8MP f/2.4 ကျောကင်မရာနဲ့ iPad Pro အသစ်တွေကအတိုင်း 7MP ရှေ့ကင်မရာတို့ပါ။ ကင်မရာနှစ်ဖက်စလုံးကနေ 1080p ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာဖတ်တဲ့ Face ID စနစ်တော့ ပါဝင်လာမှာမဟုတ်ဘဲ၊ မော်ဒယ်နှစ်ခုစလုံးမှာ အရင်က Touch ID တွေ ပြန်သုံးပေးထားတာ တွေ့ရပါတယ်။
အသစ်ထွက်လာတဲ့ iPad Air နဲ့ iPad mini နှစ်မျိုးစလုံးကို ယနေ့က စတင်ပြီး၊ ငွေရောင်၊ မီးခိုးရောင်နဲ့ ရွှေရောင် သုံးမျိုး ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
Apple က လက်ရှိ ထုတ်လုပ်ရောင်းချနေတဲ့ iPad မော်ဒယ်စုစုပေါင်း ငါးမျိုးရှိပါတယ်။ ၂၀၁၈ iPad Pro မော်ဒယ်သစ်နှစ်မျိုး၊ 6th generation iPad နဲ့ ယခု iPad Air, iPad mini အသစ်တို့ပါ။ ကျန် မော်ဒယ်တွေကိုတော့ ဆက်လက် ထုတ်လုပ်ရောင်းချခြင်း မရှိတော့ပါဘူး။