ဖုန်း မျက်နှာပြင်ဘောင်တွေကို အပြီးတိုင်ဖြုတ်ပစ်ကာ Screen အပြည့်ဖုန်းတွေ ထုတ်နိုင်ဖို့အတွက် ဖုန်းကုမ္ပဏီတိုင်း ကြိုးစားလျက် ရှိပါတယ်။ ဘောင်ဖြုတ်ပစ်ရာမှာ အဓိက အခက်အခဲတခုက ရှေ့ကင်မရာ ထားဖို့ နေရာ စဉ်းစားရတာပါ။ ဒီအတွက်လည်း ကုမ္ပဏီတခုနဲ့ တခု စဉ်းစားပုံ မတူညီကြပါဘူး။
Display မှာ Notch လို့ ခေါ်တဲ့ အဝိုက်တွေ ထည့်၊ အပေါက်ဖောက်၊ ကင်မရာတခုတည်း ပွင့်ထွက်လာမယ့် စနစ်၊ ကင်မရာကိုယ်ထည် ဆလိုက်ဒါစနစ် စသဖြင့် မျိုးစုံ အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ ယခုအခါ တရုတ် စမတ်ဖုန်းကုမ္ပဏီတခုဖြစ်တဲ့ ZTE က ဆန်းသစ်တဲ့ နည်းလမ်းတခုကို အသုံးပြုသွားဖို့ လုပ်ဆောင်နေပါပြီ။
အသစ်ထွက်ပေါ်လာတဲ့ ဒီဇိုင်းပုံတွေအရ ZTE ဟာ Axon V လို့ ခေါ်တဲ့ စမတ်ဖုန်းမှာ ကျောကင်မရာကို ဖုန်းမျက်နှာပြင်ညာဘက်မှာ ကိုယ်ထည်အပိုတခု ထည့်သွင်းကာ အသေ ထားဖို့ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒီ့အတွက် မော်တာနဲ့ ဆလိုက်ဒါ စနစ်တွေ မလိုတော့ဘဲ ဖုန်းကိုယ်ထည်အတွင်းမှာ နေရာလွတ် ပိုထွက်လာမှာပါ။ ၆.၈ လက်မအရွယ် မျက်နှာပြင်ကို 21:9 အချိုးနဲ့ ထုတ်လုပ်ဖို့ ရှိတယ်လို့ ခန့်မှန်း သိရှိရပါတယ်။
Axon V ထက် စိတ်ဝင်စားဖို့ ကောင်းတာက Axon S ဖုန်း ဒီဇိုင်းပါ။ ဒီဖုန်းမှာတော့ ဆလိုက် အသွင်းအထုတ် ပြုလုပ်နိုင်တဲ့ ဒီဇိုင်းကို စမ်းသပ်လျက် ရှိပါတယ်။ ကင်မရာဆလိုက်ဒါ ပါဝင်တဲ့ ဖုန်းတွေကို တွေ့ရှိခဲ့ရပြီး ဖြစ်ပေမယ့်၊ Axon S မှာ ထူးခြားတာက ဘေးဘက် ဆလိုက်ဒါ စနစ် သုံးမှာပါ။
ရှေ့ကင်မရာ သုံးဖို့အတွက် ဖုန်း Display ကို အောက်ဆွဲချမယ့်အစား၊ ညာဘက်ကို ရွေ့သွားမယ့် ဒီဇိုင်းကို အသုံးပြုထားတာ တွေ့ရပါတယ်။ ရှေ့ကင်မရာ နှစ်လုံး၊ ဖလက်ရှ်မီးနဲ့ ကျောကင်မရာ သုံးလုံးတို့ကို ဘေးဘက် ဆလိုက်ဒါစနစ်မှာ တပါတည်း ထည့်သွင်းထားမှာပါ။ ကျောကင်မရာသုံးလုံးမှာ 48MP ကင်မရာတလုံး၊ Zoom ၅ ဆ ဆွဲနိုင်မယ့် Telephoto ကင်မရာတလုံးတို့ ပါဝင်မယ်လို့ သတင်း ထွက်နေပါတယ်။
ZTE က ထုတ်မယ့် ဖုန်းအသစ်တွေရဲ့ ဒီဇိုင်းကို iF World Design Guide ဝက်ဘ်ဆိုဒ်မှာ Notebook Italia က စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းတွေ ဖြစ်ပေမယ့် လက်ရှိမှာတော့ ရှေ့ပြေးဒီဇိုင်း အဆင့်ပဲ ရှိသေးတဲ့အတွက် အမှန်တကယ် ထွက်ရှိလာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
Ref: 9to5 Google, GSM Arena