ဂိမ်းဝါသနာရှင်တွေ မျှော်လင့်စောင့်စားနေတဲ့ Google ရဲ့ ဂိမ်းဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါပြီ။ “Stadia” လို့ အမည်ရပြီး၊ မတ်လ ၁၉ ရက်နေ့ညက ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Game Developers Conference (GDC) မှာ မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။
Stadia ဟာ အိမ်မှာ ဘာဂိမ်းစက်မှ မလိုဘဲ ဂိမ်းတွေကို Cloud ပေါ်ကနေ အင်တာနက်လိုင်းနဲ့ Stream ဆော့နိုင်မယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အင်တာနက်လိုင်းနဲ့ Chrome browser, Chromecast, Pixel ဖုန်းတွေရှိရုံနဲ့တင် Stadia မှာ ရှိသမျှ ဂိမ်းအကုန်လုံးကို နေရာမရွေး၊ အချိန်မရွေး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
YouTube မှာ Assassin’s Creed Odyssey ဂိမ်းကစားနေတာကို ကြည့်ရင်းနဲ့ ဆော့ချင်တယ်ဆိုရင် အသင့်ပါမယ့် ‘Play’ ခလုတ်ကို ကောက်နှိပ်လိုက်တာနဲ့ ငါးစက္ကန့်လောက်ပဲ စောင့်ကာ ချက်ချင်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
မိမိ စက်ထဲမှာ ဂိမ်းရှိစရာတောင် မလိုတဲ့အတွက် ဂိမ်း Updates တွေ၊ စက်လိုအပ်ချက်တွေ ရှိတော့မှာ မဟုတ်ပါဘူး။ ဂိမ်းတွေ အကုန်လုံးကို Google ဆာဗာပေါ်မှာ ဖွင့်ပေးမှာဖြစ်တဲ့အတွက် အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့အတူ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
Cloud နည်းပညာသုံး Stadia ဂိမ်း Streaming ဝန်ဆောင်မှုကို Desktop, Laptop, Tablet, Phones နဲ့ TV အားလုံးမှာ ပလက်ဖောင်းမရွေး ဆော့ကစားနိုင်ပါတယ်။ TV မှာပဲ Chromecast Ultra HDMI စက်လေး လိုမှာပါ။ ဘယ်ပလက်ဖောင်းမှာမဆို ဂိမ်းရုပ်ထွက်ကို 4K မှာ 60 FPS နဲ့ ဆော့ကစားနိုင်ပါတယ်။
အသံပတ်လည်ပြေးစနစ်နဲ့ HDR တွေလည်း ကိုယ့် စက်မှာရရင် သုံးနိုင်မှာပါ။ နောက်ပိုင်းမှာ 8K, 120 FPS အထိ support ပေးသွားမှာဖြစ်တယ်လို့ Google က ပြောကြားခဲ့ပါတယ်။
လက်ရှိ ရှိပြီးသား လက်ကိုင်ခလုတ်တွေနဲ့ Stadia ကို ဆော့ကစားနိုင်သလို၊ Stadia အတွက် Google ကိုယ်တိုင် ထုတ်ပေးထားတဲ့ ဂိမ်းခလုတ်နဲ့လည်း ဆော့နိုင်ပါတယ်။ Google Stadia ဂိမ်းခလုတ်နဲ့ စက်အမျိုးမျိုးကို အဆက်အစပ် မပြတ် ပြောင်းဆော့နိုင်ပါတယ်။
Stadia မှာ အကူအညီယူဖို့အတွက် Google Assistant ခလုတ်လည်း သီးသန့် ပါဝင်ပါသေးတယ်။ Stadia ကို ဆော့နိုင်ဖို့အတွက်တော့ အနည်းဆုံး 25Mbps အမြန်နှုန်း ရှိတဲ့ အင်တာနက်လိုင်း လိုအပ်မှာ ဖြစ်ပါတယ်။
Google Stadia မှာ Doom Eternal ဂိမ်းကို အရင်ဆုံး ရရှိမှာပါ။ နောက်ထပ် စတူဒီယိုပေါင်း ၁၀၀ ကျော်မှာလည်း Stadia အတွက် Development Kits တွေ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဂိမ်းဖန်တီးသူ ပညာရှင်ပေါင်း ၁,၀၀၀ ကျော်က Stadia မှာ ဆော့နိုင်မယ့် ဂိမ်းတွေကို လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
Google ကိုယ်တိုင်လည်း Stadia Games and Entertainment ဆိုပြီး ကိုယ်ပိုင် ဂိမ်းစတူဒီယုတခု တည်ဆောက်သွားမှာပါ။ ဒီ စတူဒီယိုကိုတော့ Ubisoft နဲ့ EA Studio အကြီးအကဲဟောင်းဖြစ်တဲ့ Jade Reymond က ဦးဆောင်မှာ ဖြစ်ပါတယ်။ Stadia မှာပဲ ရမယ့် ဂိမ်းတွေကိုလည်း ရေးဆွဲ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
Stadia မှာ နောက်ထပ်ပါတဲ့ လုပ်ဆောင်ချက်တွေကတော့ ကိုယ်ဆော့နေတဲ့ အခန်းကို တခြားသူငယ်ချင်းတွေပါ တန်းဆော့လို့ရအောင် မျှဝေလို့ရတဲ့ “State Share” ၊ Stream ကြည့်နေသူတွေ ဂိမ်းအတူတူ ပေါင်းဆော့လို့ရမယ့် “Crowd Play”တို့ ဖြစ်ပါတယ်။ ဒီ လုပ်ဆောင်ချက်တွေကတော့ ဂိမ်းရေးဆွဲသူတွေ လုပ်ပေးရမှာပါ။
Google က ဂိမ်း Streaming လုပ်ဖို့ စိတ်ဝင်စားနေကြောင်း မနှစ်က Ubisoft နဲ့ ပူးပေါင်းချိန်မှာ အရိပ်အမြွက်ပြောကြားခဲ့ပြီး၊ ယနေ့မှာ တရားဝင် ထုတ်ပေးလိုက်ပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း Assassin’s Creed Odyssey ဂိမ်းကို Chrome browser ကနေတင် စမ်းဆော့ခိုင်းခဲ့ပါသေးတယ်။
Stadia ရဲ့ ဈေးနှုန်းနဲ့ အသုံးပြုသူတွေအတွက် ထုတ်ပေးမယ့် ရက်ကိုတော့ Google က မပြောရသေးပါဘူး။ ဒီနှစ်အတွင်း ရမယ်လို့တော့ သိရပါတယ်။ စထုတ်ထုတ်ချင်းမှာ ဂိမ်းဘယ်နှစ်ခုလောက် ပါမလဲဆိုတာကိုလည်း တခါတည်း မပြောသွားခဲ့ပေမယ့် နွေရာသီအတွင်း အသေးစိတ် အချက်အလက်တွေ ထပ်ကြေညာပေးသွားမယ်လို့တော့ ကတိပေးခဲ့ပါတယ်။
Ref: Game Spot, The Verge