Apple က ဒီတပတ်အတွင်း ပစ္စည်းအသစ်တွေ တခုပြီးတခု မိတ်ဆက်နေပါတယ်။ iPad Air နဲ့ iPad Mini မိတ်ဆက်ပြီး ရက်ပိုင်းအကြာမှာ AirPods ကို ထပ်မံ မိတ်ဆက်လိုက်ပြန်ပါပြီ။ ဒုတိယမျိုးဆက် AirPods ကြိုးမဲ့နားကြပ်မှာ ကြိုးမဲ့အားသွင်းနိုင်တဲ့ နားကြပ်ဘူးပါ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းလည်း ပိုခံလာပြီး၊ Siri ကိုပါ အသံနဲ့ ခေါ်ဆိုနိုင်ပါပြီ။
AirPods နဲ့အတူ Qi ကြိုးမဲ့အားသွင်း နားကြပ်ဘူးကိုလည်း တပါတည်း မိတ်ဆက်ခဲ့ပါတယ်။ AirPods ဝယ်ရင် ရိုးရိုး နားကြပ်အားသွင်းဘူးနဲ့ ယူမလား၊ ကြိုးမဲ့အားသွင်းနိုင်တဲ့ နားကြပ်ဘူးနဲ့ ယူမလား ရွေးချယ်နိုင်မှာပါ။ ရိုးရိုးဘူးနဲ့ AirPods ကို ၁၆၀ ဒေါ်လာ ကျသင့်မှာဖြစ်ကာ၊ Qi နားကြပ်ဘူးနဲ့ ယူရင်တော့ ဒေါ်လာ ၂၀၀ ကျသင့်မှာ ဖြစ်ပါတယ်။
ပထမမျိုးဆက် AirPods ဝယ်ထားသူတွေအတွက်လည်း သတင်းကောင်း ရှိပါတယ်။ အခု Qi နားကြပ်ဘူးကို အရင် AirPods နားကြပ်တွေနဲ့ပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ Qi နားကြပ်ဘူး တခုတည်း ဝယ်မယ်ဆိုရင် ဒေါ်လာ ၈၀ ရှိပါတယ်။ ကြိုးမဲ့အားသွင်းပြားမရှိတဲ့အခါ Lightning ကြိုးနဲ့လည်း ဘူးကို အားသွင်းနိုင်ပါတယ်။
AirPods အသစ်တွေမှာ လုပ်ဆောင်ချက်အသစ်တွေလည်း ပါရှိလာပါတယ်။ ပထမဆုံးတခုကတော့ Siri ကို Double Tap လုပ်စရာမလိုတော့ဘဲ အသံနဲ့တင် ခေါ်ဆိုလာနိုင်တာပါ။ iPhone ကနေ MacBook ကို ပြောင်းသုံးတဲ့အခါမှာလည်း အရင်ထက် နှစ်ဆ ပိုမို မြန်ဆန်လာတယ်လို့ Apple က ဆိုပါတယ်။
ယခု AirPods အသစ်တွေကိုတော့ H1 Chip အသစ်နဲ့ ပြုလုပ်ထားပြီး၊ Bluetooth 5.0 ရလာပါတယ်။ ပါဝါ သုံးစွဲမှု ပိုသက်သာတဲ့အတွက် ဘက်ထရီအားလည်း ပိုခံလာမှာပါ။ ဒါ့အပြင် စကားပြောချိန်လည်း အရင်မျိုးဆက်ထက် ၅၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ ဆိုပါတယ်။ ကြိုးမဲ့နဲ့ ကြိုးတပ် နားကြပ်အားသွင်းဘူးတွေကလည်း နားကြပ်နားထောင်ချိန် ၂၄ နာရီကျော်အထိ အားသွင်းပေးနိုင်ပြီ ဖြစ်ပါတယ်။
နားကြပ်က မိုက်ခရိုဖုန်းကလည်း ဖုန်းပြော၊ Siri ခေါ်ချိန်မှာ ပြင်ပဆူညံသံတွေကို စစ်ထုတ်ပေးနိုင်တဲ့အတွက် ကိုယ့်အသံကို ကြည်လင်ပြတ်သားစွာ ကြားရမှာပါ။
Qi ကြိုးမဲ့အားသွင်း နားကြပ်ဘူးကို မိတ်ဆက်ခဲ့ပေမယ့် ကြိုးမဲ့အားသွင်းစက်ဖြစ်တဲ့ AirPower အကြောင်းတော့ Apple ဆီက သတင်းမကြားရသေးပါဘူး၊ iPhone X နဲ့အတူ မိတ်ဆက်ခဲ့တာ တနှစ်ခွဲကျော် ကြာနေပြီဖြစ်ပေမယ့် အခုထိ ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိသေးတဲ့ Apple ထုတ်ကုန်တခု ဖြစ်ပါတယ်။
Ref: GSM Arena, The Verge