Samsung က Galaxy A Series မော်ဒယ်သစ်ဖြစ်တဲ့ Galaxy A40 ကို နယ်သာလန်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ နယ်သာလန်အွန်လိုင်းစတိုး Belsimpel.nl မှာ ကြိုတင်အော်ဒါ မှာယူထားနိုင်ပြီ ဖြစ်ပါတယ်။
Galaxy A40 ကို တကမ္ဘာလုံးမှာတော့ ဧပြီလ ၁၀ ရက်နေ့မှ မိတ်ဆက်သွားမှာပါ။ မြန်မာနိုင်ငံစျေးကွက်မှာ မိတ်ဆက်ထားတဲ့ Galaxy A30 နဲ့ Galaxy A50 ကြားက မော်ဒယ်ဖြစ်ပါတယ်။
Galaxy A40 မှာ A Series ဖုန်းအသစ်တွေအတိုင်း ရေစက်ပုံစံ Infinity-U Display ပါဝင်လာပြီး၊ ကျောကင်မရာနှစ်လုံး၊ 25-megapixel ရှေ့ကင်မရာတလုံးနဲ့ ဖြစ်ပါတယ်။ Android Pie စနစ်အခြေခံ One UI အသစ်နဲ့ ထွက်ရှိလာမှာပါ။ အနက်၊ အပြာ၊ သန္တာရောင်နဲ့ အဖြူရောင် လေးမျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Galaxy A40 မှာ ၅.၉ လက်မအရွယ် Full-HD+ (1080×2280 pixels) Super AMOLED Display ကို အသုံးပြုထားကာ၊ 19:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Octa-core Exynos 7885 SoC ကို အသုံးပြုသွားမှာပါ။ 4GB RAM နဲ့ 64GB Storage တို့ ပါရှိပါတယ်။ Galaxy A30 နဲ့ A50 နည်းတူ microSD ကတ်ကို 512GB အထိ ထပ်စိုက်နိုင်ပါတယ်။
Galaxy A40 ရဲ့ ကျောကင်မရာကတော့ 16MP+5MP နှစ်လုံး ဖြစ်ကာ၊ Galaxy A30 အတိုင်း ရိုးရိုးနဲ့ မြင်ကွင်းကျယ်ဆန်ဆာနှစ်ခု ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ Galaxy A50 နည်းတူ 25MP, f/2.0 sensor ပါ။
Galaxy A30 နဲ့ A50 မှာ 4,000mAh ဘက်ထရီတွေ သုံးထားပေမယ့်၊ Galaxy A40 မှာတော့ 3,100mAh ဘက်ထရီကိုပဲ သုံးထားတာ တွေ့ရပါတယ်။ Galaxy A50 လိုတော့ မျက်နှာပြင်အောက်လက်ဗွေရာစနစ် မပါဝင်ဘဲ ကျောဘက်မှာပဲ လက်ဗွေရာဆန်ဆာကို ထား ထားပါတယ်။
Samsung Galaxy A40 ကို ၂၄၉ ယူရိုနဲ့ ရောင်းချသွားမှာပါ။ Galaxy A30 နဲ့ A50 ကိုတော့ ပြည်တွင်းစျေးကွက်ထဲမှာ ကြိုတင်အော်ဒါမှာယူထားနိုင်ပြီ ဖြစ်ပါတယ်။ Galaxy A30 (4GB/64GB) ကို ၃၄၅,၀၀၀ ကျပ်၊ A50 (4GB/64GB) ကို ၄၃၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: Gadgets 360, GSM Arena