Facebook က Messenger ကို ယနေ့မှာ Update အသစ် ထုတ်ပေးလိုက်ပါတယ်။ Update အသစ်နဲ့ အတူ လုပ်ဆောင်ချက် အသစ်တခုလည်း ပါဝင်လာပါတယ်။ မက်ဆေ့ချ် တခုချင်းစီကို ပြန်လည် ရည်ညွှန်း အကြောင်းပြန်နိုင်တဲ့ လုပ်ဆောင်ချက်ပါ။
မိတ်ဆွေ၊ သူငယ်ချင်းတွေ များပြားတဲ့ Group Chat တွေမှာ အသုံးဝင်မှာပါ။ တယောက်တပေါက် ပြောတဲ့ စကားတွေထဲကမှ ကိုယ် အကြောင်းပြန်ချင်တဲ့ မက်ဆေ့ချ် စာသားကိုပဲ ရွေးချယ် အကြောင်းပြန်နိုင်မှာ ဖြစ်ပါတယ်။
ယခု လုပ်ဆောင်ချက်အသစ်ကို အသုံးပြုချင်ရင်တော့ အရင်ဆုံး Messenger App ကို Update ပြုလုပ်ပေးပါ။ အဲဒီနောက် Messenger App အတွင်းက မိမိ အကြောင်းပြန်ချင်တဲ့ မက်ဆေ့ချ် စာသားကို ရွေးချယ်ကာ ဖိနှိပ်လိုက်ရမှာ ဖြစ်ပါတယ်။ ဒီအခါ Reactions ပုံလေးတွေဘေးမှာ အပေါင်း သင်္ကေတနဲ့ Reply ခလုတ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မိမိ ပြန်လည် ပြောကြားလိုတဲ့ စာသားကို ရေးသားပြီး ပေးပို့ရုံပါပဲ။ မိမိ ပေးပို့လိုက်တဲ့ မက်ဆေ့ချ် အပေါ်မှာ အကြောင်းပြန်ထားတဲ့ မူရင်း မက်ဆေ့ချ်ကို ပြန်လည် ကူးယူ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။
ယခု လုပ်ဆောင်ချက်ကို Facebook အပိုင်ပဲဖြစ်တဲ့ WhatsApp messaging app မှာ ရနေခဲ့တာ အချိန်ကြာနေပြီ ဖြစ်ပါတယ်။ အခုမှ Messenger မှာ ရရှိလာတာပါ။
Facebook ဟာ Messenger, WhatsApp နဲ့ Instagram တို့အကြား မက်ဆေ့ချ် အပြန်အလှန် ပေးပို့နိုင်တဲ့ cross-platform စနစ်တမျိုးကို ဖန်တီးဖို့ ရည်ရွယ်ထားကြောင်း Mark Zuckerberg က ထုတ်ဖော်ပြောကြားထားပါတယ်။
အခုလို WhatsApp က အဓိကလုပ်ဆောင်ချက်တခုကို Messenger မှာ ပြန်ထည့်ပေးလိုက်တဲ့အတွက် ပလက်ဖောင်း ၃ ခုကို ပေါင်းစည်းတဲ့ အခါကျရင် ပိုမို လွယ်ကူသွားမှာ ဖြစ်ပါတယ်။
Ref: The Verge