Google က Stadia ဆိုတဲ့ Game Streaming ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပြီးနောက်မှာ ကမ္ဘာ့အကြီးဆုံး လက်လီအရောင်းကုမ္ပဏီတခုဖြစ်တဲ့ Walmart ကလည်း ကိုယ်ပိုင် Game Streaming ဝန်ဆောင်မှုတခုကို ဖန်တီးနေတယ်လို့ သိရပါတယ်။
အခုဆိုရင် Cloud နည်းပညာသုံး Game Streaming ဝန်ဆောင်မှုကို Google, Nvidia, Microsoft, Amazon, Sony စတဲ့ နည်းပညာကုမ္ပဏီကြီးတွေ အများအပြားက လုပ်ဆောင်နေကြပါပြီ။
Walmart ဟာ ယခုနှစ်အစောပိုင်းကတည်းက ဂိမ်းဖန်တီးသူ Developers တွေ၊ ဂိမ်းထုတ်လုပ်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ USgamer သတင်းမီဒီယာက ဖော်ပြထားပါတယ်။ ဒီသတင်းတွေသာ မှန်ကန်မယ်ဆိုရင် Game Streaming ဈေးကွက်ထဲမှာ နောက်ထပ်ကုမ္ပဏီကြီးတခုကို တွေ့ရတော့မှာပါ။ ဒါပေမယ့် အခုမှ ဖန်တီးဆဲဖြစ်တာကြောင့် တရားဝင် ထုတ်ပေးဖို့တော့ တော်တော်လိုဦးမှာပါ။
Google က Stadia ကို မိတ်ဆက်ခဲ့စဉ်တုန်းက လိုအပ်တဲ့ နည်းပညာတွေ အကြောင်း ပြောသွားခဲ့ပါတယ်။ Game တွေကို ကစားသူဆီ လျှင်မြန်စွာ Stream နိုင်ဖို့အတွက် ကြီးမားတဲ့ ဒေတာစင်တာ ကွန်ရက်တွေ လိုအပ်သလို ဂိမ်းတွေကို Cloud မှာ အကောင်းဆုံး Run နိုင်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ဟာ့ဒ်ဝဲတွေလည်း လိုအပ်တယ်လို့ သိခဲ့ရပါတယ်။
Stadia ဖြစ်လာဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းမျိုးစုံကို နှစ်ပေါင်းများစွာ ကြာအောင် ဖန်တီးထုတ်လုပ်ခဲ့ရတယ်လို့ Google က ပြောကြားခဲ့ပါတယ်။ ဂိမ်းတွေကို Cloud ပေါ်ကနေ ဆော့နိုင်ဖို့အတွက် တကမ္ဘာလုံးမှာ Edge Nodes (Gateway) ပေါင်း ၇,၅၀၀ လည်း ထားရှိထားပါတယ်။ Walmart မှာလည်း အမေရိကန်ပြည်အတွင်းမှာ ဘောလုံးကွင်း ၁၀ ကွင်းစာ ထက်ကြီးတဲ့ ဒေတာစင်တာကြီးတွေ ၆ ခု ရှိပါတယ်။ Game Streaming လုပ်ဖို့ အခြေခံ အဆောက်အဦတွေ ရှိပြီးသားပါ။
ဒါပေမယ့် အခြေခံအဆောက်အဦသာ ရှိပြီး Cloud နည်းပညာမှာတော့ Microsoft နဲ့ပဲ အဓိက လက်တွဲထားတာပါ။ Machine Learning, AI နဲ့ Data Platforms တွေအတွက် ကုမ္ပဏီပရောဂျက်တွေမှာလည်း Microsoft ရဲ့ Azure Cloud နည်းပညာ နဲ့ Microsoft 365 ထုတ်ကုန်တွေကို အသုံးပြုဖို့အတွက် ငါးနှစ် စာချုပ် ချုပ်ဆိုထားပါတယ်။ Microsoft ကိုယ်တိုင်ကလည်း ကိုယ်ပိုင် Game Streaming ဝန်ဆောင်မှုတခုကို လုပ်နေပါတယ်။
Gaming ဈေးကွက်မှာ Walmart ရဲ့ နာမည် သိပ်မကောင်းတာကလည်း Game Streaming လုပ်ဆောင်ရာမှာ အခက်အခဲတခု ဖြစ်နေမှာပါ။ Esports Arena နဲ့ ပေါင်းပြီး Overpowered အမှတ်တံဆိပ်နဲ့ ကိုယ်ပိုင် Gaming Computers တွေ ထုတ်ရာမှာလည်း ပစ္စည်းအရည်အသွေး ညံ့ဖျင်းမှုနဲ့ သုံးစွဲသူဝန်ဆောင်မှု မကောင်းမွန်မှု တွေ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။
Walmart ဟာ ဂိမ်းတွေကို Stream လုပ်မယ့်အပြင် Netflix နဲ့ အပြိုင် ရုပ်ရှင်၊ဗီဒီယိုတွေ Streaming လုပ်ပေးမယ့် ဝန်ဆောင်မှုကိုလည်း ဖော်ဆောင်ဖို့ ကြံစည်နေပါတယ်။
Ref: The Next Web, The Verge