Xiaomi ရဲ့ အလယ်အလတ်တန်း Mid-range ဖုန်းတွေထဲမှာ Mi Max ပြီးနောက် Mi A စီးရီးက လူကြိုက်အများဆုံး ဖုန်းစီးရီး ဖြစ်ပါတယ်။ Android One စနစ်နဲ့ အရည်အသွးကောင်းမွန်တဲ့ ဖုန်းတွေ ဖြစ်တာကြောင့် ပြည်တွင်းဈေးကွက်မှာသာမက နိုင်ငံတကာဈေးကွက်မှာပါ နာမည်ကောင်းရခဲ့တဲ့ ဖုန်းတွေ ဖြစ်ပါတယ်။
Mi A စီးရီး ပရိတ်သတ်တွေ၊ အထူးသဖြင့် Mi A3 မော်ဒယ်သစ်ကို စောင့်မျှော်နေသူတွေအတွက် ဝမ်းသာစရာ သတင်းတခု ရှိပါတယ်။ အသစ်ထွက်လာမယ့် Mi A3 မှာ မျက်နှာပြင်အောက် လက်ဗွေရာစနစ် (Under-display Fingerprint Scanner) ပါလာဖို့ ရှိနေပါတယ်။ ဒီစနစ်က OLED Display မှာပဲ အလုပ်လုပ်တဲ့အတွက် OLED Display ကိုလည်း Mi A စီးရီးမှာ ပထမဆုံးအနေနဲ့ မြင်တွေ့ရဖို့ ရှိပါတယ်။
မိုဘိုင်းနည်းပညာမှာ နာမည်ရ ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ XDA Developers က အဖွဲ့ဝင်တဦးဟာ Xiaomi က ဖုန်းအသစ်သုံးမျိုးကို ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ စမ်းသပ်နေတာကို စတင်တွေ့ရှိခဲ့ရာကနေ Mi A3 အကြောင်း ပေါက်ကြားလာတာ ဖြစ်ပါတယ်။ Xiaomi ဟာ စမ်းသပ်ဖုန်းမော်ဒယ်သုံးခုကို “pyxis”, “bamboo_sprout” နဲ့ “cosmos_sprout” ဆိုပြီး ကုဒ်နာမည်တွေ ပေးထားပါတယ်။ မော်ဒယ်နာမည်နောက်မှာ sprout ပါတဲ့ ဖုန်းတိုင်းဟာ Android One ဖုန်းတွေ ဖြစ်ပါတယ်။ Google ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ “Google Play အသိအမှတ်ပြု စမတ်ဖုန်းစာရင်း” မှာလည်း Android One ထဲက ဖုန်းတိုင်းရဲ့ ကုဒ်နာမည်နောက်မှာ “sprout” ပါတာကို တွေ့ရမှာပါ။ ဒီတော့ Xiaomi ဖုန်းထဲက Android One သုံးတဲ့ Mi A စီးရီး မော်ဒယ်သစ်တွေပဲ ဖြစ်ဖို့ ရှိပါတော့တယ်။ “sprout” မပါတဲ့ မော်ဒယ်ကတော့ Mi A စီးရီးရဲ့ တရုတ် မော်ဒယ်ပဲ ဖြစ်မှာပါ။ Xiaomi ဟာ အရင် Mi A1 နဲ့ Mi A2 တုန်းကလည်း တရုတ်ဗားရှင်း Mi 5X, Mi 6X တွေ ထုတ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် အဆိုပါဖုန်းသုံးမျိုးလုံးကို “Fingerprint on Display”လို့ ခေါ်တဲ့ မျက်နှာပြင်လက်ဗွေရာစနစ်နဲ့ စမ်းသပ်နေတာပါ။ ဒါကြောင့် Mi A3 ဖုန်းမှာ နောက်ဆုံးပေါ် လက်ဗွေရာစနစ်သစ်ကို မြင်တွေ့ရပါတော့မယ်။ ထို့အတူ Mi 8, Mi 9 နဲ့ Black Shark 2 စတဲ့ မော်ဒယ်အမြင့်ဆုံး Mi ဖုန်းတွေမှာပဲ ပါခဲ့တဲ့ OLED Display ကိုလည်း Mi A စီးရီးမှာ အသုံးပြုနိုင်တော့မှာပါ။
Mi A စီးရီးဖုန်းအသစ်တွေဖြစ်လာမယ့် Mi A3, Mi A3 Lite တို့ကို ဟာ့ဒ်ဝဲပိုင်း စမ်းသပ်နေဆဲပဲ ရှိသေးတာကြောင့် တရားဝင် မိတ်ဆက်ဖို့တော့ အချိန်အနည်းငယ် စောင့်ရဦးမှာပါ။
Ref: XDA Developer, GSM Arena