မြန်မာစံတော်ချိန် မတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီခွဲမှာ Apple က ရုပ်သံ၊ သတင်းနဲ့ ငွေကြေး ဝန်ဆောင်မှုအသစ်တွေကို မိတ်ဆက်ပွဲ ပြုလုပ်သွားဖို့ ရှိပါတယ်။ အဆိုပါပွဲမှာ ကုမ္ပဏီရဲ့ iOS ဂိမ်း လစဉ်ကြေးဝန်ဆောင်မှုအသစ်ကိုလည်း ကြေညာသွားဖို့ ရှိနေပါတယ်။ အဆိုပါ ဂိမ်းဝန်ဆောင်မှုအတွက် လက်တွဲမယ့် ကုမ္ပဏီတွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း Bloomberg သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
Apple ကလည်း ဂိမ်းဝန်ဆောင်မှုတမျိုး ထုတ်ပေးဖို့ စီစဉ်နေကြောင်းကို ဇန်နဝါရီ လကုန်လောက်မှာ Cheddar က စတင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မကြာမီက မိတ်ဆက်ခဲ့တဲ့ Google ရဲ့ Stadia ဂိမ်းဝန်ဆောင်မှုလိုမျိုး Cloud နည်းပညာသုံးတော့ မဟုတ်ဘဲ လစဉ်ကြေးပေးသွင်းရုံနဲ့ App Store က ဂိမ်းအမျိုးမျိုးကို ဆော့ကစားနိုင်မယ့် ပုံစံမျိုး ဖြစ်ပါတယ်။ ဒီ့အတွက် အခကြေး ပေးဝယ်ရတဲ့ ဂိမ်းတွေပဲ ဖြစ်ဖို့ များပါတယ်။
အခမဲ့ ရယူ၊ ဆော့ကစားနိုင်ပေမယ့် ဂိမ်းတွင်း ဝယ်ယူမှုတွေ ပါတဲ့ Freemium ဂိမ်းတွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Fortnite, PUBG Mobile တို့လို နာမည်ကြီး ဂိမ်းတွေ ကျန်ခဲ့ဖို့ ရှိပါတယ်။ Minecraft, Stardew Valley, Heads Up! Monument Valley 1 နဲ့ 2, NBA 2K19 စတဲ့ အခပေး ဂိမ်းတွေပဲ ပါလာမှာပါ။
အသုံးပြုသူတွေအနေနဲ့ ဂိမ်းတခုချင်းစီကို အခကြေးငွေ ပေး ဝယ်ယူစရာ မလိုတော့ဘဲ လစဉ်ကြေး တခါပေးရုံနဲ့ ဂိမ်းမျိုးစုံ ဆော့နိုင်မှာပါ။ ဂိမ်းရေးဆွဲထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုတော့ ဝန်ဆောင်မှု ယူထားတဲ့ မန်ဘာတွေရဲ့ ဂိမ်းကစားမှု ပမာဏပေါ်မူတည်ပြီး ငွေကြေး ပြန်လည် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
“Apple က လစဉ်ကြေးတွေ ကောက်ပေးပြီး၊ Developers တွေကိုတော့ သူတို့ ဂိမ်းတွေကို အသုံးပြုသူတွေ ကစားတဲ့ အချိန်အရေအတွက်ပေါ် မူတည်ကာ ဝင်ငွေ ပြန်ခွဲပေးသွားမှာ ဖြစ်ပါတယ်” လို့ Bloomberg ရဲ့ Mark Gurman က ပြောကြားခဲ့ပါတယ်။
Apple က ဂိမ်းလစဉ်ကြေးဝန်ဆောင်မှု လုပ်နေတယ်ဆိုတာကတော့ သေချာသလောက် ရှိပေမယ့် အခုလာမယ့် တနင်္လာနေ့ ပွဲမှာ မိတ်ဆက်မှာလား ဆိုတာကတော့ မရေရာသေးပါဘူး။ တနင်္လာနေ့မှာ မတွေ့ရရင် နောက်လာမယ့် WWDC Keynote ကျမှ မြင်တွေ့ရဖို့ ရှိပါတယ်။
Developers တွေအတွက် ရည်စူးကျင်းပတဲ့ Worldwide Developers Conference (WWDC) ပွဲမှာ မိတ်ဆက်မယ်ဆိုရင်တော့ ပွဲနဲ့လည်း ပို ကိုက်ညီမှု ရှိတယ်လို့ ထင်စရာပါ။ ဒါပေမဲ့ စာရေးသူ အနေနဲ့ကတော့ လစဉ်ကြေးနဲ့ Subscription ဝန်ဆောင်မှုအသစ်တွေ မိတ်ဆက်မယ့်ပွဲမှာပဲ တခါတည်း မိတ်ဆက်သွားမယ်လို့ ထင်ပါတယ်။
Ref: The Verge, Bloomberg