ရုပ်ရှင်၊ ဗီဒီယို Streaming ဝန်ဆောင်မှု ကုမ္ပဏီ Netflix ဟာ မိုဘိုင်းကနေပဲ ကြည့်နိုင်မယ့် လစဉ်ကြေးအစီအစဉ်သစ်တမျိုးကို အိန္ဒိယနိုင်ငံမှာ စမ်းသပ်နေပါတယ်။ လက်ရှိ အနိမ့်ဆုံး လစဉ်ကြေး နှုန်းထားထက်ကို တဝက်လောက် သက်သာမယ့် အစီအစဉ်သစ်ပါ။
Netflix India မှာ လက်ရှိ အနိမ့်ဆုံး လစဉ်ကြေးနှုန်းထားက တလကို ၇ ဒဿမ၂၇ ဒေါ်လာ ရှိပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်၊ တီဗီ၊ လက်ပ်တော့ စတဲ့ ကြိုက်နှစ်သက်ရာ Device ကနေ ကြည့်ရှနိုင်ပါတယ်။ အခု စမ်းသပ်နေတဲ့ အစီအစဉ်ကတော့ တလကို ၃ ဒဿမ ၆၃ ဒေါ်လာသာ ပေးရမှာပါ။ ဒါပေမဲ့ တီဗီ၊ လက်ပ်တော့တွေကနေတော့ ကြည့်ရှုနိုင်မှာ မဟုတ်ဘဲ ဖုန်း၊ တက်ဘလက်ကနေပဲ ကြည့်နိုင်မယ့် မိုဘိုင်းသီးသန့် အစီအစဉ် ဖြစ်ပါတယ်။
“Netflix ကို ပိုမို လွယ်ကူ အဆင်ပြေစွာ ဝယ်ယူ၊ ကြည့်ရှုနိုင်စေမယ့် နည်းလမ်းအမျိုးမျိုးကို အမြဲ ရှာဖွေကြံဆနေပါတယ်” လို့ Netflix ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက Variety သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“ဒီအတွက် ရွေးချယ်နိုင်စရာ အစီအစဉ်အမျိုးမျိုးကို နိုင်ငံအချို့မှာ စမ်းသပ်သွားမှာပါ။ ဥပမာအားဖြင့် အဆိုပါ နိုင်ငံတွေက အသုံးပြုသူတွေအနေနဲ့ မိုဘိုင်း Device ကနေ Netflix ကို ပိုမို သက်သာတဲ့ ဈေးနှုန်း၊ ပိုမို တိုတောင်းတဲ့ အချိန်အပိုင်းအခြားနဲ့ ကြည့်ရှုနိုင်ကြမှာပါ”လို့ အဆိုပါ ပြောရေးဆိုခွင့်သူက ဆိုပါတယ်။
ပိုမို တိုတောင်းတဲ့ အချိန်အပိုင်းအခြားလို့ ဆိုတာကြောင့် လစဉ်ကြေး အစီအစဉ်တွေသာမက အပတ်စဉ်ကြေး၊ လဝက်ကြေး အစီအစဉ်တွေပါ ရှိလာနိုင်ပါတယ်။ Netflix ရဲ့ အိန္ဒိယ ဈေးနှုန်း အစီအစဉ်သစ်ဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတာကြောင့် လူတိုင်းထံမှာ ပေါ်လာမှာ မဟုတ်ပါဘူး။ တရားဝင် ထုတ်ပေးချင်မှလည်း ထုတ်ပေးမှာ ဖြစ်တယ်လို့ Netflix ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယမှာ အင်တာနက်ဒေတာ အစီအစဉ်တွေဟာ ဈေးနှုန်းချိုသာတာကြောင့် ပြည်သူတွေရဲ့ မိုဘိုင်း Devices ကနေ Streaming အသုံးပြုနှုန်းကလည်း ပိုမို များပြားလာပါတယ်။
Netflix ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံမှာ အလားတူ တဝက်ဈေး မိုဘိုင်းအစီအစဉ်တခုကို ထုတ်ပေးခဲ့ဖူးပါတယ်။ တခြားနိုင်ငံတွေမှာလည်း စမ်းသပ် ထုတ်ပေးဖို့ ရှိတယ်လို့ ပြောကြားခဲ့ပေမယ့် ဘယ်နိုင်ငံတွေမှာ ရမလဲဆိုတာကို အတိအကျ မပြောသွားခဲ့ပါဘူး။
Netflix က အစီအစဉ်သစ် စမ်းသပ်နေချိန်မှာ အိန္ဒိယ အင်တာနက် Streaming မီဒီယာဈေးကွက်ရဲ့ ဦးဆောင်ကုမ္ပဏီဖြစ်တဲ့ Disney အပိုင် Hotstar ကလည်း VIP နှစ်စဉ်ကြေးနှုန်းထား အသစ်တမျိုးကို ကြေညာခဲ့ပါတယ်။ တနှစ်ကို ၅ ဒဿမ ၃၀ ဒေါ်လာ ပေးရမှာဖြစ်ပြီး၊ Hotstar Specials ဆိုတဲ့ ကိုယ်ပိုင်ရုပ်သံဇာတ်လမ်းတွဲတွေ၊ အိန္ဒိယ ပရီးမီးယားလိဂ် ခရစ်ကတ်ပြိုင်ပွဲတွေ၊ အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေနဲ့ Star ရုပ်သံကွန်ရက်မှာ မလွှင့်ရသေးတဲ့ အခန်းဆက်ဇာတ်လမ်းတွေကို ကြည့်ရှုနိုင်မှာပါ။
Ref: Variety, The Verge