Huawei နဲ့ Samsung တို့က သူတို့ရဲ့ နောက်ဆုံးပေါ် မော်ဒယ်မြင့် စမတ်ဖုန်းတွေမှာ ဆန်းသစ်တဲ့ နည်းပညာတခုကို ထည့်သွင်းခဲ့ပါတယ်။ တခြား ဖုန်းတွေ၊ ပစ္စည်းတွေကို ပြန်လည် ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ Reverse Wireless Charging နည်းပညာပါ။ အသစ်ထွက်ရှိလာမယ့် iPhone မော်ဒယ်အသစ်တွေမှာလည်း အဆိုပါ နည်းပညာမျိုး ပါဝင်လာမယ်လို့ ဂျပန်သတင်းဘလော့ဂ်တခုဖြစ်တဲ့ Macotakara ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
Apple ရဲ့ တရုတ် Supplier ကုမ္ပဏီတွေကနေ တဆင့် သိရှိခဲ့တာဖြစ်ပြီး၊ ၂၀၁၉ iPhone တွေမှာ အဆိုပါ နည်းပညာသစ်အပြင် အဆင့်မြှင့်တင်ထားတဲ့ ကင်မရာစနစ်နဲ့ ပိုမိုကြီးမားတဲ့ ဘက်ထရီတို့ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အားသွင်းကြိုးအသစ်နဲ့ iPad Pro မှာ ပါတဲ့ 18W အားသွင်းပေါက်လည်း ပါဝင်လာမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ USB-C ကိုတော့ iPhones တွေမှာ တွေ့ရဦးမှာ မဟုတ်ပါဘူး။
ယုံကြည်ရတဲ့ Apple သတင်းပေးတဦးဖြစ်သူ Ming-Chi Kuo ကလည်း Apple ရဲ့ ၂၀၁၉ ခုနှစ် iPhones မော်ဒယ်သစ်တွေမှာ နှစ်ဖက်ကြိုးမဲ့အားသွင်းစနစ် (bidirectional wireless charging) ပါလာမယ်လို့ ယခုလ အစောပိုင်းတုန်းက ပြောကြားခဲ့ဖူးပါတယ်။ ယခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ကိုက်ညီမှုရှိနေတာကြောင့် iPhone အသစ်တွေမှာ ပြန်လည် ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာ ပါလာဖို့ သေချာသလောက် ရှိနေပါတယ်။
Apple ပစ္စည်း အသုံးပြုသူတွေအတွက် iPhone ကနေ တခြား Device တွေကို ကြိုးမဲ့အားပြန်သွင်းပေးနိုင်မယ်ဆိုရင် တကယ့်ကို အသုံးတည့်မှာပါ။ မကြာခင်က ထုတ်လုပ်ခဲ့တဲ့ AirPods နားကြပ်အသစ်တွေမှာလည်း ကြိုးမဲ့ နားကြပ်အားသွင်းဘူး ပါလာပြီဆိုတော့ iPhone ပေါ်မှာ တင်ပြီး အလွယ်တကူ အားပြန်သွင်းနိုင်တော့မှာ ဖြစ်ပါတယ်။
Apple အပိုင် Beats ကလည်း ကြိုးမဲ့ Powerbeats Wireless နားကြပ်တွေကို မိတ်ဆက်သွားဖို့ ရှိပါတယ်။ အပြင်သွားလာနေတုန်း AirPods ဖြစ်ဖြစ်၊ Apple Watch ဖြစ်ဖြစ် ရုတ်တရက် အားကုန်သွားခဲ့ရင် ဖုန်းပေါ် တင်လိုက်ရုံနဲ့ အားသွင်းလာနိုင်မှာ ဖြစ်ပါတယ်။
Ref: 9to5Mac, The Verge