Apple က “Apple Card” လို့ အမည်ပေးထားတဲ့ အကြွေးဝယ်ကတ်ကို မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ “Show Time” ပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ဒီကတ်ကိုတော့ Goldman Sachs, Mastercard တို့နဲ့ ပူးပေါင်း ထုတ်လုပ်ထားတာပါ။
လွယ်ကူ ရိုးရှင်းတဲ့ အသုံးပြုမှုပုံစံ၊ ထပ်ဆောင်း အခကြေးငွေတွေ မရှိဘဲ အတိုးနှုန်း သက်သက်သာသာနဲ့ အသုံးပြုနိုင်မယ့် အကြွေးဝယ်ကတ်ဖြစ်တယ်လို့ Apple က ဆိုပါတယ်။ ဒါ့အပြင် တခြား အကြွေးဝယ်ကတ်တွေထက် ပိုမို ထိရောက်မှုရှိတဲ့ ဆုကြေးငွေ ပြန်လည် ပေးအပ်မှု အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
Apple Card ကို ရဖို့ကလည်း လွယ်ပါတယ်။ iPhone ထဲက Apple Wallet app မှာ Sign up ပြုလုပ်လိုက်ရုံပါပဲ။ မိနစ်အနည်းငယ်အတွင်း ဒီဂျစ်တယ် Apple Card ကို ရရှိမှာပါ။ Apple Pay လက်ခံတဲ့ နေရာတိုင်းမှာ Apple Card ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုသူတွေအနေနဲ့ Apple Card နဲ့ ဝယ်ယူသမျှကို အလွယ်တကူ ပြန်လည် စစ်ဆေးကြည့်ရှုနိုင်သလို၊ လက်ကျန်ငွေနဲ့ ငွေပြန်လည် ပေးချေရမယ့် နေ့တို့ကိုလည်း App အတွင်းမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီဂျစ်တယ်ကတ်တင် မဟုတ်ဘဲ တကယ့် အကြွေးဝယ်ကတ်ပြားကိုလည်း ထုတ်ပေးသွားဦးမှာပါ။
အဆိုပါ ကတ်ကိုတော့ တိုက်တေနီယမ်သတ္တုနဲ့ ပြုလုပ်ထားကာ၊ တခြား အကြွေးဝယ်ကတ်တွေလို ကတ်နံပါတ်၊ သက်တမ်းကုန်ဆုံးရက်၊ CVV လုံခြုံရေးနံပါတ်နဲ့ အသုံးပြုသူ လက်မှတ်တွေ ပါဝင်မှာ မဟုတ်ပါဘူး။ ကတ်ပိုင်ရှင် အချက်အလက်အားလုံးကို Apple Wallet app ထဲမှာတင် သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။ ကတ်ပျောက်သွားရင်တောင် လုံခြုံရေး ပူရမှာ မဟုတ်ပါဘူး။
Machine Learning နည်းပညာနဲ့ Apple Maps တို့ကို အသုံးပြုကာ App နဲ့ ဝယ်ယူထားသမျှ စတိုးဆိုင်တွေကို နာမည်၊ တည်နေရာနဲ့ တကွ ဖော်ပြထားမှာ ဖြစ်တာကြောင့် အလွယ်တကူ ပြန်လည် စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် ဝယ်ယူထားသမျှကိုလည်း ပစ္စည်းအမျိုးအစားအလိုက် “အစားအသောက်” “Shopping” စသဖြင့် ခွဲခြားဖော်ပြထားမှာ ဖြစ်တာကြောင့် ကိုယ့်အသုံးစရိတ်ကို ပြန်ကြည့်နိုင်မှာပါ။
အကြွေးဝယ်ကတ်တွေရဲ့ အဓိက ဆွဲဆောင်မှုတခုဖြစ်တဲ့ Reward အစီအစဉ်လည်း Apple Card မှာ ပါရှိပါတယ်။ ဒါပေမဲ့ အမှတ်ပေးစနစ်မျိုးတော့ မဟုတ်ဘဲ Daily Cash ဆိုပြီး တိုက်ရိုက် ငွေသားပြန်လည် ပေးအပ်သွားမှာဖြစ်ပါတယ်။ Apple Pay ကနေ Apple Card သုံးပြီး ဝယ်သမျှကို ၂ ရာခိုင်နှုန်း၊ Apple ပစ္စည်းတွေ ဝယ်ရင် ၃ ရာခိုင်နှုန်း ငွေသား ပြန်လည် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Cashback ငွေသားက Apple Card ထဲ ချက်ချင်း ပြန်ဝင်လာမှာ ဖြစ်တာကြောင့် ချက်ချင်း ပြန်လည် အသုံးပြုနိုင်ပါတယ်။ တိုက်တေနီယမ် Apple Card သုံးပြီး ဝယ်ရင်တော့ ၁ ရာခိုင်နှုန်းပဲ ငွေသား ပြန်လည် ပေးအပ်သွားမှာပါ။ Apple Card ဟာ နောက်ကျကြေး၊ နှစ်စဉ်ကြေး၊ နိုင်ငံတကာကြေးနဲ့ သတ်မှတ်ငွေ ကျော်လွန်လို့ ပေးဆောင်ရတဲ့ ကြေးတွေ ဘာတခုမှ ရှိမှာ မဟုတ်ပါဘူး။
အတိုးနှုန်းကလည်း သက်သာမှု ရှိပါတယ်။ အကြွေးငွေအပေါ် မူတည်ကာ APR နှုန်းထား ၁၃ ဒဿမ ၂၄ ရာခိုင်နှုန်းကနေ ၂၄ ဒဿမ၂၄ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပါတယ်။ အတိုးနှုန်းက ကိုယ် ပြန်လည် ပေးချေမယ့် အစီအစဉ်အပေါ် မူတည်ပြီး သက်သာမှု ရှိမှာပါ။ အတိုးနှုန်းတွက်မယ့် Calculator လည်း App ထဲမှာ တပါတည်း ပါရှိပါတယ်။
ဒါ့အပြင် သတ်မှတ်ရက်မပေးနိုင်ရင်လည်း ဒဏ်ကြေး ဆောင်ရမှာ မဟုတ်ဘူးလို့ Apple က ဆိုပါတယ်။ ဒါပေမဲ့ နောက်တခါ ငွေဆပ်ရင်တော့ ထပ်ဆောင်းအတိုးနှုန်း ပေးရမှာပါ။ Apple ထုတ်ကုန်တွေလိုပဲ အချက်အလက်လုံခြုံမှုက Apple Card ရဲ့ အဓိက စွမ်းဆောင်ရည် ဖြစ်ပါတယ်။ ကိုယ်ဝယ်ယူသမျှ အချက်အလက်တွေကို Apple က လုံးဝ သိရှိမှာ မဟုတ်ပါဘူး။
သုံးစွဲသမျှ အချက်အလက်အကုန်လုံးကို iPhone ထဲမှာပဲ သိမ်းထားပြီး၊ Apple Server တွေမှာ လုံးဝ ထားမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Goldman Sachs ကလည်း အသုံးပြုသူ ဒေတာကို ကြော်ငြာနဲ့ မားကတ်တင်း အလို့ငှာ တခြား ကုမ္ပဏီတွေကို လုံးဝ ပြန်ရောင်းမှာ မဟုတ်ဘူးလို့ Apple က ကတိကဝတ် ပြုထားပါတယ်။
Ref: The Verge